Homeသတင်းကရင်လက်နက်ကိုင်အဖွဲ့ငယ်လက်နက်ချပွဲ မွန်ပြည်နယ်မှာပြုလုပ်ခဲ့

ကရင်လက်နက်ကိုင်အဖွဲ့ငယ်လက်နက်ချပွဲ မွန်ပြည်နယ်မှာပြုလုပ်ခဲ့

-

မင်းသုတ – အင်အား(၁၅) ဦးရှိ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ မော်လမြိုင်မြို့ရှိ၊ မွန်ပြည်နယ်ခန်းမ၌ ယမန်နေ့တွင် မွန်ပြည်နယ်အစိုးရထံ လက်နက်အပြီးအပိုင်အပ်နှံပွဲကျင်းပခဲ့သည့်သတင်း ယနေ့အစိုးရသတင်းစာများက အသားပေးဖေါ်ပြခဲ့သည်။

ယနေ့သတင်းစာပါ ကရင်လက်နက်ချသူ(၁၅) ဦး -(မြန်မာ့အလင်း)
ယနေ့သတင်းစာပါ ကရင်လက်နက်ချသူ(၁၅) ဦး -(မြန်မာ့အလင်း)

မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဌေးမြင့်အောင်ထံ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောအယ်ထူးက ခေါင်းဆောင်အဖြစ် လက်နက်အပ်နှံခဲ့ခြင်းဖြစ်သည်။

“ဒါကစိတ်ဓါတ်စစ်ဆင်ရေးအရ ဒေသခံမွန်ပြည်သူတွေတမျိုးမျိုးထင်လာအောင် အကွက်ဆင်ဖန်တီးတာပဲ၊ ဘာမှလဲထူးလာမှာမဟုတ်ပါဘူး” ဟု မွန်ပြည်သစ်ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် ပြည်နယ်ဝန်ကြီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်ဟု သတင်းစာဖေါ်ပြချက်အရ သိရသည်။

မြန်မာအစိုးရသတင်းစာ၏ရေးသားဖေါ်ပြချက်အရ ယခုလက်နက်ချသူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ်တစ်သိန်း၊ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ အသီးသီးရရှိကြသည်ဟု သိရသည်။

“စောအယ်ထူးက အရင်က KPF မှာရှိတဲ့နာမည်ပဲ၊ ငြိမ်းချမ်းရေးကောင်စီမှာကိုတော့ မကြားမိပါဘူး” ဟု ကရင်သတင်းဌာန KIC အယ်ဒီတာတစ်ဦးက ပြောသည်။

အလားတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ လက်အောက်ခံ တပ်ရင်း (၇၀၉)မှ တပ်ခွဲမှူး ဦးစီးအင်အား ၂၅ဦး လက်နက်ချအလင်း၀င်ရောက်သည့် အခမ်းအနားကို ဇွန်လ ၁၃ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့ရှိ ရဲသံလွင်ခမ်းမတွင် ကျင်းပခဲ့သည်ကို အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။

မြန်မာအစိုးရသည် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့များအား တဖက်တွင်ငြိမ်းချမ်းရေးစကားကမ်းလှမ်းနေသလို တိုက်ပွဲများလည်းဖြစ်ပေါ်လျှက်ရှိသည်။ ထို့အတူ လက်နက်ချပွဲများ ဆက်လက်ပြုလုပ်နေသည်။

လွန်ခဲ့သော တင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ မြန်မာစစ်အစိုးရကိုယ်စားလှယ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU နှစ်ဖက်ကိုယ်စားလှယ်များ လှို့ဝှက်တွေ့ဆုံခဲ့သည့်သတင်းပြန့်နေသော်လည်း KNU မှအတည်မပြုခဲ့ပေ။

ထို့အတူ လွန်ခဲ့သည်အောက်တိုဘာလ(၆) ရက်နေ့တွင် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ဖြစ်ပေါ်တိုးတက်မှုများ မတွေ့ရသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts