Homeသတင်းပထမဆုံးအကြိမ်ရာဘာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ

ပထမဆုံးအကြိမ်ရာဘာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင် ကျင်းပ

-

မင်းသုတ – အပြည်ပြည်ဆိုင်ရာ ရာဘာသုတေသနနှင့် ဖွံဖြိုးရေးဘုတ်အဖွဲ့ (International Rubber Research and Development Board- IRRDB) နှင့် မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ယမန့်မှစတင်၍ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမဆောင်တွင် ကျင်းပခဲ့သည်ဟု သိရသည်။

နှစ်ရက်ကြာကျင်းပသည့် ၄င်းအလုပ်ရုံဆွေးနွေးပွဲကို “ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ်များဖြင့် ရာဘာအထွက်နှုန်းများ တိုးမြင့်အောင်ဆောင်ရွက်ခြင်း” ခေါင်းစဉ်အမည်ပေးထားပြီး IRRDB မှပညာရှင်များက စာတမ်း (၁၈) စောင်ဖတ်ကြားတင်သွင်းခဲ့သည်ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ နိုင်ရှိန်က ပြောသည်။

“အထူးသဖြင့် ဒီဆွေးနွေးပွဲမှာ ရာဘာမျိုးစေ့နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအများကြီး ကြားသိခဲ့ရတယ်၊ ရာဘာအမျိုးအစားတွေရဲ့အရေးကြီးပုံကိုလည်း အတော်လေးသိခွင့်ရလိုက်မိတယ်” ဟု သူကဆက်ပြောသည်။

မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဝန်ကြီးအပါအဝင် ပြည်နယ်ဝန်ကြီးအချို့၊ မြန်မာနိုင်ငံဒေသအသီးသီးမှ ရာဘာစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူ တစ်ထောင်ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ပညာရှင်တစ်ဦးဖြစ်သူ ဦးခင်ဖေက “မြန်မာနိုင်ငံတွင် ရာဘာစိုက်ပျိုးမှုသက်တမ်း ၁၂၅ နှစ်ရှိခဲ့ပြီး ယခုကဲ့သို့ ရာဘာအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု တက်ရောက်သူများထံမှသိရသည်။

တက်ရောက်သူတစ်ဦးမေးမြန်းချက်တစ်ရပ်ကိုပြန်လည်ဖြေကြားခဲ့ရာတွင် “ကျနော်တို့နိုင်ငံမှာ သက်ဆိုင်ရာဒေသက ပထဝီနဲ့ရာသီဥတုအနေအထားနဲ့ကိုက်ညီမယ့် ရာဘာမျိုးစေ့တွေကို သုတေသနပြုလုပ်နေတုန်းပဲ၊ ဘယ်မျိုးစေ့ကအကောင်းဆုံးဆိုတာ သတ်သတ်မှတ်မှတ်ပြောလို့မရသေးဘူး၊ ဒါပေမယ့် မှတ်ပုံတင်နဲ့ ရာဘာမျိုးပင်ရောင်းချတဲ့နေရာက လောလောဆယ်မှာပိုစိတ်ချလို့ရပါတယ်” ဟု မြန်မာပညာရှင်တစ်ဦး ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ယခုအလုပ်ရုံဆွေးနွေးပွဲ၌ IRRDB အဖွဲ့ဝင်နိုင်ငံဖြစ်ကြသည့် မလေးရှား၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာ၊ ဖိ်လစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာပညာရှင်များပါဝင်ကြသည်ဟု စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထုတ် စီးပွားရေးသတင်းဂျာနယ်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းသည် ၂၀၀၆ ခုနှစ်မှစတင်၍ IRRDB အဖွဲ့ဝင်ဖြစ်ခဲ့ပြီး လက်ရှိတွင်အဖွဲ့ဝင်နိုင်ငံ (၁၉) နိုင်ငံရှိကြောင်း IRRDB အင်တာနက်စာမျာက်နှာ ဖေါ်ပြချက်အရ သိရသည်။

မွန်ပြည်နယ်ကို မြန်မာနိုင်ငံရဲ့ ရာဘာပြည်နယ်အဖြစ် ရည်ရွယ်ချက် ထားပြီး နှစ်စဉ်နှစ်တိုင်း စိုက်ဧက တိုးချဲ့စိုက်ပျိုးခဲ့ရာ ယခုမွန်ပြည်နယ်အတွင်း ရာဘာစိုက် ဧက ၄၅၁၇၂၅ ရှိပြီး တစ်နှစ်တွင် ၇၆၂၇ မက်ထရစ်တန် ထွက်ရှိနေကြောင်း ပြည်တွင်းထုတ်စျေးကွက်ဂျာနယ်မှ ဖေါ်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts