(နာဲမတ်ဒိပ်) – ဒီနေ့ အသိတယောက်ရဲ့ကလေး သုံးရက်လောက် အဖျားမကျဘဲ ရှိနေလို့ ကလေးကို Parkview ဆေးရုံ၊ အရေးပေါ်လူနာဌာန ပို့ရတယ်။ ကလေးက လေးလအရွယ်ပဲ ရှိပါသေးတယ်။ ရာသီဥတု မကောင်းလို့လား မသိ။ အရေးပေါ်ဌာနမှာ လူနာတွေက ပြည့်လို့ပါပဲ။ ကားရပ်နားဖို့ နေရာတောင် မရှိတော့ဘူး။ ကလေးကို မစင်၊ ဆီး၊ သွေး၊ သလိပ် ယူပြီး စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးခြင်းများ ပြုလုပ်ခဲ့တယ်။ ရောဂါကြီးကြီးမားမား မရှိကြောင်း သေချာမှ ပြန်လွှတ်တယ်။ ကလေးနဲ့ ကလေးအမေကို အိမ်ပြန်ပို့တော့ ညသန်းခေါင် ကျော်နေပြီ။
Paulding လမ်းကနေ ပြန်လာတော့ လမ်းက ရှင်းနေတယ်။ ကားတစီးမှ မတွေ့ရတော့။ မီးပွိုင့် ရောက်ခါနီး မီးက နီးတော့ အခြားကား မရှိလည်း ရပ်ရတာပါပဲ။ နောက်မီးပွိုင့်တခု ရောက်တော့ ဖြတ်ဖို့ မမီ၊ မီးက ဝါပြီဆိုတော့ အရှိန်လျော့ရတယ်။ ဒီမီးပွိုင့်က မမီလို့ အရှိန်နည်းနည်း မြှင့်ပြီး မောင်းတော့ နောက်မီးပွိုင့်တခု ကျတော့ မီးက စိမ်းနေလို့ ဖြတ်မောင်းလို့ ရခဲ့တယ်။
ကားမောင်းရင်းနဲ့ ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ အနီ၊ အစိမ်းနဲ့ အဝါ။ ဒီသုံးရောင်ခြယ်နဲ့ ယာဉ်ဥပဒေကို စီမံထားပါလား။ မီးနီဆိုယင် ရပ်ရမယ်၊ မီးစိမ်းဆိုယင် မောင်းပေါ့၊ မီးဝါဆို သတိပေးတာ မီးပွိုင့်နား ရောက်နေယင် ဖြတ်ပေါ့၊ အဝေးကနေ လှမ်းမြင်ယင် အရှိန်လျှော့ပြီး ရပ်ပေါ့။
ဒီကနေတဆင့် ထပ်တွေးယင် ကြံ့ဖွံ့အရေခြုံ စစ်အစိုးရလည်း သုံးရောင်ခြယ်အလံကို သုံးနေတာပဲ။ အလယ်မှာ ကြယ်တလုံး ထည့်လိုက်တာပါပဲ။ ဒေါင်းရုပ်နေရာမှာ ကြယ်တလုံးနဲ့ အစားထိုးလိုက်တယ်လေ။ ဒီကြယ်တလုံးက အဲဒီဒေါင်းကိုပဲ ကိုယ်စားပြုမှန်း လူတိုင်းသိကြပါတယ်။ တပါတီ အာဏာရှင်စနစ်ကို ကိုယ်စားပြုတယ် ဆိုယင်လည်း မမှားဘူးပေါ့။
ဒီနေရာမှာ သူတို့အလံကို အဓိပ္ပါယ်ဖွင့်ဆိုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကြံ့ဖွံ့အရေခြုံ စစ်အစိုးရဟာ အရောင်သုံးမျိုးကို symbol အနေနဲ့များ အသုံးချနေလား တွေးမိပါတယ်။ ဥပမာ- သူတို့ရဲ့အတွင်းရေးမှာ အနီဆိုယင် သူတို့ပဲ ထိန်းချုပ်ထားမယ်၊ အစိမ်းဆိုယင် မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရမယ်၊ အဝါဆိုယင် သတိထား ဆောင်ရွက်ရမယ် ဆိုတာမျိုးပါ။
တွေးကြည့်ရင်းနဲ့ အခန်းရောက်တော့ သမ္မတဦးသိန်းစိန် ချွေတဲ့ လွှတ်တော်မိန့်ခွန်းကို အသေအချာ ဖတ်ကြည့်မိတယ်။ လွှတ်တော်ကို ပြောတဲ့မိန့်ခွန်းမို့လို့ အမေရိကန် ပြည်ထောင်စုမှာဆိုယင် State of Union မိန့်ခွန်းနဲ့ ဆင်ဆင်တူပါတယ်။ နိုင်ငံ့အခြေပြ မိန့်ခွန်းပေါ့။ အစိုးရရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်ကို ပြည်သူ့ရှေ့မှောက် ခင်းကျင်းရတဲ့ မိန့်ခွန်းပါ။ ဒီတော့ ဒီမိန့်ခွန်းမှာ ဦးသိန်းစိန်က ဘာတွေများ ပြောခဲ့ပါသလဲ။ ကြံ့ဖွံ့အရေခြုံ စစ်အစိုးရမူဝါဒနဲ့ လုပ်ငန်းစဉ်က ဘာလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဝင်္ကပါနဲ့ ပတ်သက်မှု ဘယ်လောက်ရှိသလဲ။ အရှင်းဆုံး ပြောရယင် သုံးရောင်ခြယ်အလံနဲ့ ပတ်သက်မှု ရှိသလား။ အများကြီး စဉ်းစားရပါတယ်။
သမ္မတမိန့်ခွန်းကို ဖတ်ကြည့်ယင် ‘နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား’ ဆိုတဲ့ အာလုပ်ပုဒ်ကို (၆) ကြိမ်တိတိ ခေါ်ခဲ့ကြောင်း တွေ့နိုင်ပါတယ်။ အဲဒီလို (၆) ကြိမ်ခေါ်တဲ့ နေရာမှာ သုံးရောင်ခြယ် အစဉ်လိုက် ချလိုက်ယင်….ဒီလို တွေ့ရပါလိမ့်မယ်။
၁။ ၂၀၀၈-ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ၊
၂။ ဒီအခြေခံ ဥပဒေနဲ့အညီ စနစ်တရပ်ဆီကို ကူးပြောင်းနိုင်ခဲ့လို့ ဂုဏ်ယူ၊
၃။ အစိုးရက ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်တင်သူများ ဖြစ်ကြောင်း ပြော၊
၄။ (အခြေခံ ဥပဒေကို လက်မခံသေးတဲ့) တိုင်းရင်းသားအရေးမှာ သူတို့ စေတနာ မှန်ပုံကို ဖော်ပြ၊ (နှာ-၃)
၅။ (အခြေခံ ဥပဒေကို လက်မခံသေးတဲ့) ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်း ပဋိပက္ခများ လျှော့နည်းအောင် လုပ်နေ၊ (နှာ-၄)
၆။ ပြည်သူ့တွေကို ပေးခဲ့တဲ့ ကတိကဝတ်များအတိုင်း လုပ်နေပုံ၊ ပြည်ထောင်စု အစိုးရ အုပ်ချုပ်ရေး ပြည်ထောင်စု နယ်မြေအလုံး၌ တည်ရန်၊ (နှာ-၄-၅)၊
၇။ တိုင်းနဲ့ ပြည်နယ် အစိုးရ အသက်ဝင်ရန် ဆောင်ရွက်နေပုံ၊ (နှာ ၅-၆)
၈။ တောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ (နှာ ၆-၇)၊ ကုန်သွယ်ရေး (နှာ ၈)၊ စက်မှု (နှာ ၈-၉)၊ စီးပွားရေး ယန္တရားများ (နှာ ၉-၁၁) နဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒများကို ချမှတ်၊
၉။ နိုင်ငံသား အခွင့်အရေး၊ တောင်သူလယ်သမား အခွင့်အရေး၊ ပြည်သူ့ ကျန်းမာရေး၊ လူမှု ဖူလုံရေး၊ ပညာရေး၊ သတင်း လွတ်လပ်ခွင့်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး (နှာ ၁၁)၊
၁၀။ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ NGO များနဲ့ လက်တွဲ ဆောင်ရွက်၊ (နှာ ၁၂)
၁၁။ နိုင်ငံခြားရေး မူဝါဒလမ်းစဉ်နဲ့ အာဆီယံ ဥက္ကဋ္ဌ၊ (နှာ ၁၂)
၁၂။ မြန်မာ့လမ်းစဉ် ဒီမိုကရေစီဝါဒနဲ့ ပြည်သူ့ထောက်ခံမှုကို ရရှိနေတဲ့ အစိုးရ၊ (နှာ ၁၃)
၁၃။ နိုင်ငံတကာ သံတမန်ရေးမှာ အောင်မြင်ဖို့၊ (နှာ ၁၄)
၁၄။ အစိုးရသစ်ဟာ လပိုင်းအရွယ်မျှသာ ရှိ၊ ကြီးလေးတဲ့ တာဝန်ကို ထမ်းရွက်နေရ၊ (နှာ ၁၄)
၁၅။ ပြည်သူ့ဆန္ဒကို သိပြီး ဆောင်ရွက်ပေးမှာ ဖြစ်၊ (နှာ ၁၅)
မိန့်ခွန်းကို ခြုံငုံကြည့်ယင် အနီရောင်ဖြင့် ဖော်ပြထားသမျှမှာ ၂၀၀၈-ခုနှစ် အခြခံဥပဒေနဲ့ တိုက်ရိုက် သက်ဆိုင်နေတဲ့ အချက်များ ဖြစ်ပြီး ကြံ့ဖွံ့ အရေခြုံ စစ်အစိုးရပဲ ထိန်းချုပ်ထားမယ့်သဘော တွေ့ရတယ်။ အစိမ်းရောင်မှာ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် အုပ်ချုပ်ရေး မူဝါဒများ ဖြစ်ပြီး ဖွင့်ကစားမယ့်အနေအထား ရှိပါတယ်။ အဝါရောင် အချက်အလက်များမှာ အခြေအနေအပေါ် မူတည်တဲ့ လုပ်ပိုင်ခွင့်များ ဖြစ်တယ်။ လူကို မသိယင် မူနဲ့ ဖိပြီး လူကို ခင်ယင် မူကို ပြင်နိုင်ပုံပါပဲ။
အနီရောင်အတွက် (၇) ချက်၊ အစိမ်းရောင်အတွက် (၅) ချက်နဲ့ အဝါရောင်အတွက် (၃) ချက် ရှိကြောင်း တွေ့ရမှာပါ။ ရာခိုင်နှုန်းနဲ့ ပြောယင် ကြိုးနီစနစ်က များပြီး ကြိုးစိမ်းစနစ်က အလယ်အလတ်ရှိကာ ကြိုးဝါစနစ်က အနည်းဆုံး ဖြစ်ပါတယ်။ အနီရောင် အချက်အလက်များအတွက် အပေးအယူ လုပ်ဖို့ မရှိဘဲ၊ အဝါရောင်များမှာပဲ အပေးအယူတချို့ လုပ်ပါလိမ့်မယ်။ အစိမ်းရောင်များမှာ အနီနဲ့ အဝါကို အထောက်အကူ ပြုရာရောက်လို့ ကြံ့ဖွံ့ အရေခြုံ စစ်အစိုးရက အတိုက်အခံများနဲ့ တိုင်းရင်းသားများကို မျက်နှာပန်းလှအောင် အနည်းငယ် ပါဝင်ခွင့် ပေးဖို့ ရှိမယ် ထင်ပါတယ်။
သုံးရောင်ခြယ်မှာ အနီကို ဆွေးနွေးကြည့်ရအောင်ပါ။ ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို လက်ခံဖို့ အဆိုပြုတယ်၊ အတိုက်အခံများရော တိုင်းရင်းသား လက်နက်ကိုင်များရော ဒီဥပဒေကို လက်မခံသေးဘူးဆိုယင်လည်း လက်ခံလာအောင် အပြုသဘောနဲ့ ကြိုးစားမယ်လို့ ပြောပါတယ်။ ညှိုနှိုင်းမယ်လို့ မပြောပါဘူး။ ထိပ်တိုက်မတွေ့အောင်ပဲ ပြောတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် ပြင်သင့်တာ ပြင်မယ်လို့ မပြောဘူး။ နိုင်ငံသား အခွင့်အရေး အပါအဝင် တောင်သူလယ်သမားများ အရေးက စပြီး NGO အသင်းအဖွဲ့များအဆုံး ဗဟိုအစိုးရက ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်လို့ သူတို့ ပြောပြောနေတဲ့ သတင်းစာ လွတ်လပ်ခွင့်လည်း ဒီအနီရောင် အောက်မှာပဲ ထားခဲ့တာပါ။
အစိမ်းရောင်ကတော့ သူတို့ အားကြိုးမာန်တက် အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေပါပဲ။ ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာတို့၊ အပစ်ရပ် ကမ်းလှမ်းတာတို့၊ ဒေါ်စုနဲ့ အဆင်ပြေအောင် ပေါင်းတာတို့၊ ကုလသမဂ္ဂနဲ့ အမေရိကန် ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံတာတို့ လောလောဆယ် နားလည်ရခက်နေတဲ့ သူတို့ အပြုအမူတွေဟာ အထက်ဖော်ပြပါ အစိမ်းရောင် (၅) ချက်ကို အကောင်အထည် ဖော်နေတာပါ။ သူတို့ အစိုးရရဲ့အာဏာကို ပြည်ထောင်စု တဝန်းလုံးမှာ ဖြန့်ကြက်နိုင်ဖို့၊ သူတို့ရဲ့အစိုးရ တည်ရှိမှုကို နိုင်ငံတကာမှာ ဝင်ဆံ့အောင် လုပ်ဖို့ မဆုတ်မနစ် လုပ်ကြပါလိမ့်မယ်။
အဝါရောင်ကတော့ အဖွင့်အပိတ်သဘော ရှိပါတယ်။ အဝါရောင်ကို ဖြတ်မိလို့ ရဲက ဖမ်းချင် ဖမ်းလို့ရတယ်၊ မဖမ်းဘဲ လွှတ်လိုက်ယင်လည်း ရတာပါပဲ။ အရေးယူ ဆောင်ရွက်လို့ ရသလို မသိကျွိုးကျွံ ပစ်ထားလို့လည်း ရတာပါပဲ။ ဒီထဲမှာ တောင်သူလယ်သမားများ အလုပ်သမားများ ပါဝင်နေပါတယ်။ ဒီတော့ သူတို့အတွက် အခြေအနေက သိပ်မဟန်ပါဘူး။ စီးပွားရေးနဲ့ ပညာရေးကဏ္ဍမှာလည်း တိုးတက်လာဖို့ အကြောင်းမမြင်ပါ။ ကြံ့ဖွံ့ အရေခြုံ စစ်အစိုးရအတွက် အကျိုးရှိမယ့် စီမံကိန်းများကိုပဲ အကောင်အထည်ဖော်ဖို့ များပါလိမ့်မယ်။
သမ္မတရဲ့နောက်ဆုံးစကားကို ထောက်ကြည့်ပါ။ မိန့်ခွန်းကို အပေါ်ယံ ဖတ်ကြည့်ယင် အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ ထဲထဲဝင်ဝင် လေ့လာကြည့်ယင် ပွင့်လင်းမြင်သာမှု မရှိတဲ့ မိန့်ခွန်းတခု ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ မိန့်ခွန်းမှာ (၁၅) မျက်နှာ ပါရှိပါတယ်။ ပြည်ထောင်စု မပြိုကွဲရေးအတွက် (၆) မျက်နှာလောက် နေရာပေးထားပြီး ကြံ့ဖွံ့ အရေခြုံ စစ်အစိုးရရဲ့အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် (၉) မျက်နှာမျှ ရှိနေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူမျိုးတန်းတူရေး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တမျက်နှာမျှတောင် မရှိပါဘူး။ ပိုင်းခြားစိတ်ဖြာကြည့်ယင် အမြီးအမောက် မတည့်တဲ့ မိန့်ခွန်းပါပဲ။ ဒို့တာဝန် အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်တဲ့ အစိုးရ မဟုတ်ကြောင်း ထင်ရှားတယ်။
သမ္မတသိန်းစိန်ကို ကြိုဆို ထောက်ခံမယ့် လူတွေ ရှိကြမှာပါ။ ဒါပေမဲ့ လက်ရှိ ကြံ့ဖွံ့အရေခြုံ စစ်အစိုးရဟာ သူတို့အစိုးရ ရေရှည် ရပ်တည်ရေးအတွက်ပဲ စီမံကိန်းတွေ ချမှတ် ဆောင်ရွက်မှာ ဖြစ်ပြီး နိုင်ငံတော်နဲ့ တိုင်းရင်းသား မိဘပြည်သူများ ရေရှည် အကျိုးခံစားရမယ့် မူဝါဒများ မရှိကြောင်း သုံးသပ်လိုပါတယ်။
ဒီမိန့်ခွန်းဟာ ကြံ့ဖွံ့ အရေခြုံ စစ်အစိုးရက မိမိအစိုးရ ရပ်တည်ရေးအတွက် ကြိုးစားမှုတရပ်သာ ဖြစ်ပြီး NLD ရပ်တည်ရေးအတွက် အရိပ်အမြွက်မျှတောင် ပေးမထားပါဘူး။ တိုင်းရင်းသား လူမျိုးများရဲ့ အခန်းကဏ္ဍကိုလည်း သေးသိမ်းအောင် မသိမသာ ရေးထားပြီး အရေးတကြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် စာရင်းများမှာ မပါရှိပါဘူး။ ၂၀၀၈-ခုနှစ် အခြေခံဥပဒေကို အခါခါ ကိုးကားခြင်း၊ ကြံ့ဖွံ့အစိုးရကို ပြည်သူတို့က ထောက်ခံကြောင်း ပြောဆိုခြင်းတို့မှာ မိန့်ခွန်းရဲ့အခရာများ ဖြစ်ပါတယ်။
“သတိမမူယင် ဂူမမြင်”။ သုံးရောင်ခြယ် မိန့်ခွန်းကနေ ဘာကိုမှ မျှော်လင့်လို့ မရပါဘူး။