Homeသတင်းသံဖြူဇရပ်ရဲစခန်းကို နေ့ခင်းပိုင်းတွင် ပစ်ခတ်

သံဖြူဇရပ်ရဲစခန်းကို နေ့ခင်းပိုင်းတွင် ပစ်ခတ်

-

မင်းသုတ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့လယ်ရှိ မြို့မရဲစခန်းကို ယနေ့နံနက်ပိုင်းတွင် ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်ရာတွင် ထိခိုက်မှုမရှိကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

သံဖြူဇရပ်မြို့ တောင်ဖက်မြို့ဝင်ဆိုင်းဘုတ်
သံဖြူဇရပ်မြို့ တောင်ဖက်မြို့ဝင်ဆိုင်းဘုတ်

“ရဲစခန်းရှေ့လမ်းမကြီးတဖက်ကနေ လက်နက်ကြီးတစ်လုံး ပစ်ထည့်တယ်၊ ရဲစခန်းဝင်းထဲကျတာ မကွဲဘူး၊ စခန်းခြံစည်းရိုးပေါက်သွားတယ်” ဟု အမည်မဖေါ်လိုသော သံဖြူဇရပ်မြို့ပေါ် နယ်ထိန်းတစ်ဦးက အတည်ပြုပြောကြားသည်။

ပစ်ခတ်သည့်လက်နက်အမျိုးအစားမှာ M-40 ဟုရဲစခန်းမှအတည်ပြုပြောကြားခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် လက်နက်ကျွမ်းကျင်သူများအဆိုအရ M-40 မှာမြန်မာစစ်တပ်ထုတ် ဗုံးသီးအမျိုးအစားတစ်ခုဖြစ်ပြီး ယခုကဲ့သို့ပစ်ခတ်မှုမပြုလုပ်နိုင်ကြောင်း M-79 လက်နက်အမျိုးအစားဖြစ်နိုင်ကြောင်း၊ ကိုက်တစ်ရာပင်အကွာအဝေးမရှိသဖြင့် ပေါက်ကွဲမှုမဖြစ်ပေါ်နိုင်ကြောင်း ယူဆကြသည်။

“နောက်တစ်လုံး ထပ်ပစ်ဖို့လုပ်တော့ သေနတ်အလုပ်မလုပ်တော့ဘူး၊ ဒါနဲ့နောက်တစ်ယောက်က အေကေသေနတ်နဲ့ မိုးပေါ်နှစ်ချက်သုံးချက်လောက်ဖေါက်ပြီး ရေးမြို့ဖက်ကို ဆိုင်ကယ်စီးထွက်သွားတယ်” ဟု ရဲစခန်းနှင့်မျက်နှာချင်းဆိုင်ရှိ “ပငရွာကားဂိတ်” မှမြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ပငရွာသွားခရီးသည်များ အနီးကပ်မြင်နေသဖြင့် ကိုယ်လွတ်ရာသို့ထွက်ပြေးကြရသည်ဟု ပငကားသမားတစ်ဦးက ပြောသည်။

မည်သူ့၊ မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်နေသည်ကို အတိအကျသိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သံဖြူဇရပ်ရဲစခန်းမှတာဝန်ကျ ဒုရဲအုပ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts