Homeသတင်းမွန်တော်လှန်ရေးနေ့တွင် မွန်ခေါင်းဆောင်ဂူဗိမာန်အသီးသီးသို့ သွားရောက်ဂါရဝပြုကြ

မွန်တော်လှန်ရေးနေ့တွင် မွန်ခေါင်းဆောင်ဂူဗိမာန်အသီးသီးသို့ သွားရောက်ဂါရဝပြုကြ

-

ဂျူရီချိုင်း – ပြီးခဲ့သည့်နှစ်ကကွယ်လွန်ခဲ့ပြီး မွန်အမျိုးသားတော်လှန်ရေးတွင်ပါဝင်ခဲ့သူ မွန်ပြည်သူ့ တပ်ဦးခေါင်းဆောင် နိုင်သိန်းမောင်အား ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့တွင်ကျရောက်သည့် ၆၄ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ မွန်လူငယ်များ သွားရောက်ဂါရဝပြုကြကြောင်း သိရသည်။

 နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏အုတ်ဂူအသီးသီးတွင်မွန်လူငယ်များသွားရောက်ဂါရဝပြုခဲ့ပုံ (မှတ်ချက်-ယခင်နှစ်များဓါတ်ပုံ)
နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏အုတ်ဂူအသီးသီးတွင်မွန်လူငယ်များသွားရောက်ဂါရဝပြုခဲ့ပုံ (မှတ်ချက်-ယခင်နှစ်များဓါတ်ပုံ)

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ရွာရှိ နိုင်သိန်းမောင်၏ဂူဗိမာန်၌ မနက် ၁၀ နာရီတွင် အခမ်းအနား စတင်ခဲ့ခြင်းဖြစ်သည်။

“အခမ်းအနားပြုလုပ်ပြီး သိပ်မကြာမှာ စရဖ ဝန်ထမ်းနှစ်ဦး ရောက်လာတယ်၊ ဒီလောက်လူများတာ ဘာအတွက်လုပ်နေလဲလို ့မေးတယ်၊ ဇင်းကျိုက်ရွာက မွန်လူငယ်အဖွဲ့အစည်းတစ်ဦးက အဆင်ပြေ သလိုပဲ သူ့တို့ကို ပြန်ဖြေလိုက်ရတယ်” ဟု အခမ်းအနားတက်ရောက်ခဲ့သူ သံဃာတော်တစ်ပါးက မိန့်သည်။

အခမ်းအနားကျင်းပပြီး မကြာမီအချိန်အတွင်းမှာ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိနှစ်ဦး မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်လာကာ မည်သူက ခေါင်းဆောင်ပြီး မည်သည့်အခမ်းအနားပြုလုပ်သည်ကို တက်ရောက်သူများအား မေးမြန်းခဲ့သည်ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။ သို့ ရာတွင် ဖမ်းဆီးအရေးယူမှု မရှိခဲ့ပေ။

အခမ်းအနားပြီးသည့်အခါ တော်လှန်ရေးခရီးရှည်၏ အထိမ်းအမှတ်အဖြစ် မွန်လူငယ်အဖွဲ့အစည်းမှ ထမင်းထုပ်များပေးဝေပြီး မုဒုံမြို့နယ်၊ ဝင်းစိန်တောရကျောင်းသို့ ဆက်လက်သွားရောက်ပြီး မွန်ပြည်သစ်ပါတီခေါင်းဆောင်နိုင်ရွှေကျင်နှင့် နိုင်ထင်တို့၏ဂူဗိမာန်အား ဆက်လက်အလေးပြုခဲ့ကြကြောင်း မုဒုံမြို့မှ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မွန်လူငယ်တစ်ဦးက ပြောသည်။

အခမ်းအနားတက်ရောက်သူများမှာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် (၅) မြို့နယ်မှ မွန်လူငယ်အဖွဲ့အစည်းများ၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် သံဃာတော်ဆရာတော်များ စုစုပေါင်း ၄၀၀ ဦးခန့်ဖြစ်သည်။

အလားတူ အခြားမြို့ နယ်များမှ မွန်လူငယ်များနှင့် မွန်သံဃာတော်တို့သည် တော်လှန်ရေးခေါင်းဆောင် နိုင်အောင်ထွန်း၊ နိုင်ဖိုးစိန်၊ နိုင်နလ္လာ ဂူဗိမာန်များကိုလည်း သွားရောက် ဂါရဝပြုခဲ့သည်ဟု သိရသည်။
၆၄ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို လွန်ခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်စခန်း၌လည်း ကျင်းပခဲ့သည်။

ကောဇာသက္ကရာဇ် ၁၃၁၀ ခု၊ ဝါခေါင်လပြည့်နေ့ (၁၉၊ ၈၊ ၁၉၄၈) ၌ မွန်လူငယ်တစ်စု ဘားအံမြို့နယ်၊ ဇာသပြင်ရွာရဲစခန်းကို လက်နက်ဝင်ရောက်လုယူသဖြင့် တိုက်ခိုက်မှုစတင်ဖြစ်ပွားသည့်နေ့အား မွန်တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts