spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းပြည်ထောင်စုအဆင့်ဖြင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်များ တောင်းဆို

    ပြည်ထောင်စုအဆင့်ဖြင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် တိုင်းရင်းသား မဟာမိတ်လက်နက်ကိုင်များ တောင်းဆို

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – မြန်မာအစိုးရ သမ္မတသစ် ဦးသိန်းစိန်မှတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးတို့အား ၄င်းတို့၏ ပြည်နယ်အစိုးရသစ်ံနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ဖိတ်ကြားချက်ကို တုန့်ပြန်သည့်အနေဖြင့် မြန်မာအစိုးရအား တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးရန် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုလိုက်သည်။

    မြန်မာစစ်အစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးရန် ဆန္ဒရှိသည်ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီက ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သော်လည်း ၄င်းတွင် မြန်မာစစ်အစိုးမှ သွေးခွဲအုပ်ချုပ်မည့်ပေါ်လစီရှိနိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီက စိုးရိမ်သည်။

    မကြာသေးခင်က ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ၏အဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ခဋ္ဌ ပဒိုဒေးဗစ်သကပေါက “မဟာမိတ်အနေနဲ့ပဲ ဆွေးနွေးချင်တယ်၊ တပြည်လုံးဆွေးနွေးမှ တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရမယ်၊ သူတို့ (အစိုးရ) ပြောသလို တဖွဲ့ချင်း တပြည်နယ်ချင်းက ကျနော်တို့ မလိုချင်ဘူး လက်ခံနိုင်စရာအကြောင်းလည်း မရှိဘူး”။

    လွန်ခဲ့သော အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြောင့် နိုင်ငံရေးအရ တိုင်ပြည်မတည်မငြိမ် ဖြစ်ခဲ့ပြီး သယံဇာတ ပေါများသည့် မြန်မာနိုင်ငံသည်လည်း ပိုမိုဆုတ်ယုတ်နစ်မွန်းသွားမည်ဖြစ်သည့်အတွက် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီသည် သမ္မတ ဦးသိန်းစိန်ထံသို့ သြဂုတ်လ ၁၅ ရက်နေ့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ပန်ကြားခဲ့သည်။

    ၄င်းပန်ကြားစာတွင် “နိုင်ငံရေးပြဿနာကို အာဏာရအစိုးရအဆက်ဆက်တို့သည် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးဆိုင်ရာ တောင်းဆိုချက်များအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည့်အစား စစ်ရေးနည်းဖြင့်သာ နှစ်ပေါင်း ၆၀ ကျော်ကြား ဖြေရှင်းလာခဲ့သဖြင့် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ပြည်ထောင်စု မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် ခေတ်နောက်ကျသော နိုင်ငံဘဝသို့ ရောက်ရှိခဲ့ရသည်။ ထို့အပြင် လူမျိုးတမျိုးနှင့် တမျိုးအကြား အထင်အမြင်လွဲမှား ညီညွတ်မှု ပျက်ပြားနေရပြီး စစ်မီးတောက်ကာ ပိုမိုရှုပ်ထွေးသော အခြေအနေဆိုးသို့ ရောက်ရှိခဲ့ရပါသည်”။

    ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ၏ အထွေထွေ အတွင်းရေးမှူ နိုင်ဟံသာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နောက်ဆုံးရလဒ်အနေဖြင့် နိုင်ငံရေးနည်းဖြင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးရန် အကြံပြုခဲ့သည်။

    သို့သော် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ၏ သြဂုတ်လထုတ် ပန်ကြားလွှာတွင် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ဖော်ပြထားခြင်း မရှိပေ။ သို့သော် ၄င်းပန်ကြားစာတွင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများကို အင်အားသုံးတိုက်ခိုက်နေခြင်းအား အမြန်ဆုံးရပ်တံ့ကာ ပြည်ထောင်စုတခုလုံးနှင့် သက်ဆိုင်သော ယာယီအပစ်အခတ်ရပ်ဆိုင်းရေးကို ကြေညာပြီး ပြည်နယ်အဆင့်မဟုတ်ဘဲ ပြည်ထောင်စုအဆင့်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုထားသည်။

    ယခုလောလောဆယ်တွင် ကချင်ပြည်နယ်အစိုးရသည် ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ၏ အဖွဲ့ဝင် အဖွဲ ့အစည်းတခုဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးသည်။ ကချင်လွတ်မြောက်ရေးအဖွဲ့သည် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူသော်လည်း အစိုးရအနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမှု ကျင်းပမည့် ကတိပြုရန် လိုအပ်သည်။ သို့သော် ကချင်အစိုးရမှ ကိုယ်စားလှယ်များသည် မည်သည့်သဘောတူညီချက်နှင့် ကတိမျှ မပြုလုပ်နိုင်ခဲ့ပေ။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားစဲ ဖြစ်သည်။

    ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီကို ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်အဖြစ် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ဆက်စပ် အဖွဲ့ဝင်များအဖြစ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO) တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts