ဗညားရံ
K.I.O. နဲ့ ကြံ့ဖွတ်အစိုးရ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပြီလို့ ဘီဘီစီသတင်းမှာ ဖတ်ရပါတယ်။ တကယ်ဖြစ်ခဲ့ရင်လည်း ဒါက အစမ်းမဟုတ်တော့ပါ။ အရင်ကလည်း အပစ်ရပ်ခဲ့ဖူးပြီပဲ။ ရှမ်းပြည်မှာ SSA (N) ကို ချေမှုန်းဖို့ ကြံ့ဖွတ်စစ်အစိုးရက ဓာတုလက်နက်တွေ သုံးနေတယ်ဆိုပါလား။ ဒါလည်း အထူးမဟုတ်ပါ။ ကယားပြည်မှာ သူတို့ သုံးခဲ့ဖူးပြီ။ တပြည်လုံးအပစ်ရပ်မှ ကချင်က အပစ်ရပ်မယ်၊ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ပြောနေတာကို မကြားချင်ယောင်ဆောင်ပြီ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးချင်ကြောင်း ကမာဝက်က သံဃာတော်ကို စေလွှတ်အကြောင်းကြားကြောင်း ဖတ်ရပြန်တော့လည်း အော်… ဒါလည်း အထူးအစမ်းတော့ မဟုတ်တော့ပါလား။ မဒတအဖွဲ့ရှိတုန်းကလည်း ကချင်၊ ကယား၊ မွန်၊ နဲ့ ရှမ်းတို့က တစ်ဖွဲ့ချင်း အပစ်ရပ်ခဲ့ဖူးပြီပဲ။
ဒါဆို ဘာတွေ ထူးသေးလဲ။ ထူးတာလေးတွေ နည်းနည်းရှိပါတယ်။
၁။ ဒီတိုင်းရင်းသားတပ်ဖွဲ့တွေကို တိတိကျကျ ဘာကတိမှ မပေးရဘဲ ၁၉၉၀-ပြည့်နှစ်များက အပစ်ရပ်အောင် လုပ်နိုင်ခဲ့ပြီး စစ်အစိုးရ ရပ်တည်ဖို့ အသုံးချခံခဲ့ရတယ်။ ပြီးတော့ ဘုရားပြီးလို့ ငြမ်းကို ဖျက်ဖို့ ကြိုးစားတယ်။ ထင်သလို မလွယ်တာကတစ်ကြောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာကတစ်ကြောင်း၊ မုဒိမ်းမှုတွေ၊ ပေါ်တာမှုတွေ၊ သတ်ဖြတ်မှုတွေ ပေါ်လာတာကတစ်ကြောင်း၊ ပြစ်မှုများကို ရှောင်လွှဲချင်တာကတစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ ဖြစ်လိုတာကတစ်ကြောင်း ထိုအထွေထွေသော အကြောင်းကြောင်းများကြောင့် ဒီတစ်ခါမှာလည်း ဘာအခွင့်အရေးမှ မပေးရဘဲ ကြ့ံဖွတ်အရေခြုံစစ်အစိုးရက အပစ်ရပ်အောင် ကြိုးစားနေပါတယ်။
၂။ စစ်ရေးမပြောပါနဲ့၊ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုကိုတောင် ပြည်နယ်အစိုးရကို စိတ်ချလက်ချ အာဏာအပြည့်အဝမပေးတဲ့ ကြ့ံဖွတ်စစ်အစိုးရက ကချင်စတဲ့တိုင်းရင်းသားတွေနဲ့ တိုက်တဲ့စစ်ရေးကိစ္စတွေကို ပြည်နယ်အစိုးရကနေတစ်ဆင့်ပဲ ဆက်သွယ်ဆောင်ရွက်ပါသတဲ့။ ဒါဟာ ဒီမိုကရေစီကို ဖော်ဆောင်သလိုလို ပုံမှားရိုက်ပြီး တိုင်းရင်းသားတွေကို သွေးခွဲအုပ်ချုပ်ဖို့ ကြိုးစားနေတာပါ။ ပြည်နယ်အစိုးရက အမိန့် ပေးလို့ မရတဲ့ စစ်တပ်ဟာ ပြည်နယ်အစိုးရက စေ့စပ်ထားတဲ့အပစ်ရပ်ရေးကို လေးစားပါ့မလားဆိုတာ စဉ်းစားကြည့်ပါ။
၃။ ကြ့ံဖွတ်အစိုးရရဲ့ လုပ်ဟန်ကိုင်ဟန်တွေက စစ်အစိုးရနဲ့ မထူးဘူးဆိုယင် တိုင်းရင်းသားတွေအပေါ် ထားရှိတဲ့ သူ့သဘောထားတွေလည်း မထူးပါဘူး။ ဇာတ်လမ်းက အရင်အတိုင်းပါပဲ။ ဇာတ်လမ်းပြောပြတဲ့လူကလည်း အရင်လူတွေပါပဲ။ ဝတ်စုံပဲ ပြောင်းတာပါ။ နေရာပဲ အဆင့်လျှော့ချလိုက်တာပါ။ ဒါပေမယ့် ဒီတိုင်းရင်းသားတွေက ရိုးလွန်းလို့လား၊ အင်အားမရှိလို့လား၊ ရေသာချောင်ခိုစိတ် ရှိလို့လား၊ မဟာမိတ်စိတ်ဓာတ် အားနည်းလို့လား မပြောတတ်ပါ။ ဗမာအစိုးရပြောသမျှ တစ်ထောင့်တစ်ညပုံပြင်ကို မိန်ရည်ရှက်ရည် နားထောင်ပြီး အဟုတ်မှတ်နေတတ်ပါတယ်။
ဒီအချက် (၃) ချက်က မထူးသလို ထင်ရပေမယ့် အမှန်တကယ် ထူးခြားမှု ရှိပါတယ်။ သူ့နောက်ကွယ်မှာ ပုံမှန်မဟုတ်တဲ့ အကြောင်းတစ်ခုခုတော့ ရှိနိုင်ပါတယ်။
၁။ တာပိန်ရေအားလျှပ်စစ်စီမံကိန်းနဲ့ ဘွမ်ဆဲန်တောင်အပါအဝင် တိုင်းရင်းသားဒေသကနေ ဗမာ့စစ်တပ်က မဆုတ်ပေးယင်
၂။ ရှမ်းနဲ့ကရင်ဒေသတွေမှာ အပစ်မရပ်ဘဲ ကချင်ဒေသမှာပဲ အပစ်ရပ်ယင်
၃။ အခြားဒေသတွေမှာ အပစ်ရပ်ဖို့သီးခြားကန့်သတ်ချက်နဲ့ သီးခြားဆွေးနွေးယင် (သို့) အပြုတ်တိုက်ဖို့ ကြိုးစားလာယင်
၄။ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းမရှိယင်
၅။ UNFC အဖွဲ့ဝင်များက UNFC ကိုယ်စားလှယ်မပါဘဲ၊ (သို့) သဘောထားမပါဘဲ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ယင်
၆။ ဒီအပစ်ရပ်မှုနဲ့ နိုင်ငံရေးစေ့စပ်မှုမှာ နိုင်ငံတကာက အကြားဝင် စေ့စပ်ရေးအဖွဲ့ မပါဝင်ယင်
နောက်တစ်ခါ အလိမ်ခံရဖို့ ရာခိုင်နှုန်း (၁၀၀) ထက် မလျှော့ပါဘူး။ မော်လမြိုင်မှာ စကားတစ်ခွန်း ရှိပါတယ်။ သိသိကြီးနဲ့ ခံလိုက်ရတယ် ဆိုတာပဲ။ မွန်တွေက သွေးကြီးတော့ အလိမ်ခံရယင် အရမ်းရှက်တတ်ပါတယ်။ ခါးပိုက်နှိုက်မိယင် ဒီကောင် ခါးပိုက်နှိုက်မှန်းတော့ သိတယ်၊ သတိလည်း ထားတယ်၊ ထားတဲ့ကြားက အနှိုက်ခံရတယ်ပေါ့။ ပြောတုန်းက သူ့ဂုဏ်သိက္ခာကို အဖတ်ဆည်ဖို့ ပြောတာပဲ။ ဒါပေမယ့် ခါးပိုက်နှိုက်က သူ့ထက် ပိုသာကြောင်း ပြောရာရောက်လို့ ခါးပိုက်နှိုက်ဂုဏ် ပိုတက်ရတာပေါ့။
အခုလည်း ဒီတိုင်းရင်းသားတွေက သိသိကြီးနဲ့ အလိမ်ခံဦးမယ် ထင်ပါတယ်။ နိုင်ငံရေးဆွေးနွေးဖို့ အပစ်ရပ်သင့်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ရန်သူက အင်အားပြန်စုစည်းဖို့ အပစ်ရပ်တယ်ဆိုယင် အန္တရာယ်များလှပါတယ်။
၁။ ကြံ့ဖွတ်အစိုးရဟာ ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားတွေကို စာနာစိတ်မထားပါဘူး။
၂။ မိမိနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဗမာတိုင်းရင်းသားတွေကိုလည်း ရက်ရက်စက်စက် ဆက်ဆံပါတယ်။
၃။ အတိုက်အခံနိုင်ငံရေးသမားတွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားလူငယ်တွေ ထောင်ပေါင်းများစွာ ထောင်ထဲမှာ ရှိနေပါသေးတယ်။
၄။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ UNFC အဖွဲ့၊ ကြံ့ဖွတ်ဦးဆောင်တဲ့ စစ်အစိုးရ ပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို စစ်အစိုးရက လက်ခံတဲ့အရိပ်အရောင် မပြသေးပါဘူး။
ဒီလိုအခြေခံတွေ မရှိတဲ့ အပစ်ရပ်စဲရေးဟာ အစစ်အမှန် မဟုတ်ပါဘူး။ ကြ့ံဖွတ်အစိုးရဟာ ဗဟိုချုပ်ကိုင်တဲ့အစိုးရဖြစ်လို့ သူတို့မှာ မူဝါဒ ချမှတ်ဖို့ မခက်ပါဘူး။ NLD နဲ့ UNFC ထက် လုပ်ရကိုင်ရ ပိုလွယ်ပါတယ်။ သူတို့က မလုပ်ချင်လို့သာ မလုပ်တာပါ။ လုပ်သင့်လုပ်ထိုက်တဲ့ အခြေခံအုတ်မြစ်များ မရှိဘဲ အပစ်ရပ်စဲခြင်းဟာ ရေရှည်မတည်တံ့ပါဘူး။
၁။ ပြည်သူတွေ ဒုက္ခရောက်လို့ အပစ်ရပ်တယ်ဆိုယင် အဲဒီပြည်သူတွေက ဘယ်သူ့ကြောင့် ဒုက္ခရောက်ရသလဲ။
၂။ ကချင်အပါအဝင် တိုင်းရင်းသားလူမျိုးများက လူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်နေရပါတယ်ဆိုယင် အဲဒီလူမျိုးတန်းတူရေးကို အဟန့်အတားလုပ်နေသူတွေက ဘယ်သူတွေလဲ။
၃။ လက်ဦးမစွ အပစ်ရပ်တဲ့ ကချင်ကို ပထမဆုံးသေနတ်သံကြားအောင် လုပ်လိုက်တာက ဘယ်သူလဲ။
၄။ ပေးထားတဲ့ကတိတွေ ရှိလေတဲ့ငပိလောက်တောင် တန်ဖိုးမထားတာက ဘယ်သူတွေလဲ။
လက်ရှိကြံ့ဖွတ်အရေခြုံစစ်အစိုးရရဲ့ ပြည်သူအပေါ် ထားရှိတဲ့ ရွှေမေတ္တာတော်ကို နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းက သက်သေပြခဲ့ပြီ။ အဲဒီမုန်တိုင်းတွေက စစ်အစိုးရရဲ့ မင်းသားခေါင်းဆောင်းကို ဖြုတ်ပြီး လူ့ဘီလူးများ ဖြစ်ကြောင်း ကမ္ဘာသိ ထုတ်ဖော်ပေးခဲ့ပြီးပဲ။
လက်ရှိမှာလည်း ကြံ့ဖွတ်စစ်အစိုးရက ဗမာအပါအဝင် တိုင်းရင်းသားမိဘပြည်သူများကို စေတနာ မထားပါဘူး။ ပြည်သူတွေကို ရန်သူလို့ သဘောထားနေပါတယ်။ စစ်ဘေးကြောင့် အတိဒုက္ခရောက်ရတဲ့ တိုင်းရင်းသားတွေကို မပြောပါနဲ့၊ မြို့ကြီးပြကြီးတွေမှာ ရှိတဲ့ မိဘပြည်သူတွေကိုတောင် ဒုက္ခအမျိုးမျိုး ပေးနေပါတယ်။ ဒီတော့ ရှင်းနေပါတယ်။ နိုင်ငံရေးအနှစ်သာရမရှိတဲ့ အပစ်ရပ်ရေးဟာ အစစ်အမှန်မဟုတ်ပါဘူး။ သိသိကြီးနဲ့ လိမ်တာကို သိသိကြီးနဲ့ ခံရပါဦးမယ်။ အစစ်အမှန်ဖြစ်ကြောင်း အခြေခံလုပ်ရမယ့်ကိစ္စတွေ ရှိပါတယ်။
၁။ NLD ပါတီရပ်တည်ခွင့် ရှိကြောင်း ကျေညာပါ။
၂။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်ဖြစ်ကြောင်း တရားဝင်အသိအမှတ်ပြုပါ။
၃။ တိုင်းရင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပါ။
၄။ တိုင်းရင်းသားဒေသတွေမှာ တပြေးညီ အပစ်ရပ်ပါ။
၅။ UNFC နဲ့ တိုက်ရိုက်ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ပါ။
၆။ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ပါ။
ဒီအချက် (၆)ချက်ကို လုပ်ပေးယင်တောင်မှ ဗမာအစိုးရက ရိုးသားတယ်လို့ ယုံကြည်စိတ်ချလို့ မရသေးပါဘူး။ အစည်းအဝေးမှာ ကလိမ်ကကျစ် လုပ်နိုင်ပါသေးတယ်။ ဖိအားတွေ ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် အပေါ်က အချက်တွေကို လေးစားလိုက်လျောပေးတယ်ဆိုယင် ရိုးသားတယ်လို့ ယူဆစရာရှိလို့ အလုပ်အတူတူလုပ်လို့ ရနိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ တိုင်းရင်းသားတွေက တဒင်္ဂမျှ သက်သာလိုသက်သာငြား ပြည်တွင်းစစ်နာတာရှည်ရောဂါကို ကုစားဖို့ တဖက်သတ် ကြိုးစားယင် အမှားကြီးမှားပြီး ပြည်သူတွေလည်း ဒီထက် ဆင်းရဲတွင်းနက်နေမှာ သေချာတယ်။
၁။ လက်ရှိကြံ့ဖွတ်စစ်အစိုးရဟာ နိုင်ငံရေးသိက္ခာကို စစ်ရေးအရ အဖတ်ဆည်နေပါတယ်။
၂။ ဆီဂိမ်းကိုလည်း အေးအေးဆေးဆေးဖြစ်အောင် ကျင်းပချင်ပါတယ်။
၃။ အာဆီယံဥက္ကဋ္ဌရာထူးကိုလည်း ရယူချင်ပါတယ်။
၄။ မိမိကျူးလွန်ထားတဲ့ပြစ်မှုတွေကို ပလပ်ချင်ပြီး နိုင်ငံတကာမိသားစုကြားမှာလည်း ဝင်ဆံ့ချင်ပါတယ်။
၅။ ပြည်တွင်းမှာလည်း ၂၀၀၈-ခု စစ်ဥပဒေအရ သွေးခွဲအုပ်ချုပ်ရေး အသားကျအောင်လည်း လုပ်ချင်ပါတယ်။
အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ၁၉၉၀-ပြည့်နှစ်များမှာ စစ်အစိုးရကို အသက်သွင်းပေးခဲ့ပြီ။ အခု ဒီတစ်ချီမှာ အင်အားကြီးထွားအောင် မလုပ်ပါနဲ့။ အပေါ်က (၅)ချက်ကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ခဲ့ပြီဆိုယင် ဗမာအပါအဝင် တိုင်းရင်းသားတွေအားလုံး ငါးပါးမက သံဃာစင်ပါ မှောက်ကုန်မှာကို သတိသမ္ပဇဉ် ရှိကြပါ။ ကြံ့ဖွတ်စစ်အစိုးရကို နိုင်ငံတကာမှာ ဝင်ဆ့ံအောင် ကူညီပေးမိယင် သံတမန်ရေးအမှားဖြစ်လို့ ယခင်ကအမှားထက် များစွာ ပေးဆပ်ရမှာ ဖြစ်တယ်။
သိန်းစိန်မျက်နှာကိုပဲ မကြည့်ပါနဲ့၊ တင်အောင်မြင့်ဦး စကားကိုပဲ မယုံပါနဲ့၊ သူရရွှေမန်းလွှတ်တော်ကတိတွေကိုလည်း မကိုးစားပါနဲ့။ ပြည်နယ် ဝမ်းကြီးချုပ်ဆိုသူတွေကိုလည်း စိတ်မချပါနဲ့။ သူတို့နောက်က လက်မရွံ့သားတွေကို ကြည့်ပါဦး။ သတိနဲ့ ဆင်ခြင်ပါဦး။ အားကိုးမမှားပါနဲ့ဦး။ သားသမီးမကောင်း မိဘခေါင်းဆိုသလို မိဘကောင်းမကောင်း သူ့သားသမီးတွေကို ကြည့်ယင် သိသာပါတယ်။ သူတို့နောက်က စစ်တပ်က အကျင့်ယုတ်နေယင် သူတို့လည်း ဘယ်နည်းနဲ့မျှ အကျင့်မမြတ်နိုင်ပါဘူး။ သူတို့ပတ်ဝန်းကျင် သူတို့အသိုင်းအဝိုင်းကို ကြည့်ယင် သူတို့က ဘာလဲ သိနိုင်ပါတယ်။ သိသိကြီးနဲ့ အလိမ်ခံခဲ့ရဖူးပြီ။ သိသိကြီးနဲ့ အလိမ်မခံချင်ပါနဲ့တော့။
စကားကြွင်း။ ။ သူတို့ တောထဲမှာ ဘာကြောင့် နေနေရတာလဲလို့ မွန်ပြည်သစ်ကို ရည်ညွှန်းပြီး မွန်ဝန်ကြီးချုပ်ဦးအုန်းမြင့်က ပြောသတဲ့။ ဗမာ့တပ်တွေက တောထဲမှာ တပ်စခန်းချပြီး တောပျော်တိုင်းရင်းသားတွေကို ဘာကြောင့် ရက်ရက်စက်စက်သတ်ဖြတ်နေရသလဲလို့ မေးကြည့်ချင်ပါတယ်။ ဦးအုန်းမြင့် ဖြေဆိုဖို့ ကြွပါခင်ဗျား။