spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းအစိုးရနှင့် အန်အယ်ဒီ ပူးပေါင်းဆောင်ရွက်မှု တိုင်းရင်းသားများအတွက် မဖြစ်နိုင်သေး

    အစိုးရနှင့် အန်အယ်ဒီ ပူးပေါင်းဆောင်ရွက်မှု တိုင်းရင်းသားများအတွက် မဖြစ်နိုင်သေး

    -

    ရိုင်မရော့၊ သြဂုတ် ၁၇၊ ၂၀၁၁ – အစိုးရသစ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှစ်ဘက် ပူးပေါင်းဆောင်ရွက်မည့် အလားအလာ ပေါ်ပေါက်နေသော်လည်း ယင်းလုပ်ငန်းစဉ်မှ တိုင်းရင်းသားများ အရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးတို့အတွက် အကျိုးရလဒ် တစုံတရာ ရှိလာနိုင်သည့် မျှော်လင့်ချက် မရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။

    ဒေါ်အောင်ဆန်စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်းပြောကြားစဉ်(Photo-AP)
    ဒေါ်အောင်ဆန်စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံအပြီး သတင်းထောက်များကို ရှင်းလင်းပြောကြားစဉ်(Photo-AP)

    မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “ပူးပေါင်းဆောင်ရွက်တယ်ဆိုပေမယ့် မျှော်လင့်ချက်တော့မရှိဘူး၊ အဓိက ပြည်တွင်းငြိမ်းချမ်းဖို့ ပြီးတော့ တိုင်းရင်းသားတွေ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးဒါတွေ ရရှိလာဖို့ မျှော်လင့်ချက်မရှိဘူး၊ ဖြစ်လာနိုင်မယ်လို့လဲ မယုံကြည်ဘူး” ဟု ပြောသည်။

    မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ထုတ်ပြန်ခဲ့သည်။

    ဆွေးနွေးပွဲအပြီး ၀န်ကြီးဦးအောင်ကြည်က ဖတ်ပြသည့် အချက် ၄ ချက်ပါ သဘောတူညီချက်တွင် “ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားတိုးတက်စေရေး အတွက် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားရန်” ဆိုသည့် အချက်အပါအ၀င် အခြား အချက် ၃ ချက်လည်း ပါ၀င်သည်။

    လတ်တလော ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ၀န်ကြီး တွေ့ဆုံဆွေးနွေးမှုများသည် လက်ရှိအစိုးရနှင့် အန်အယ်ဒီကြား၊ အစိုးရနှင့် ဒီမိုကရေစီလှုပ်ရှားမှုအကြား ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်နေသည်ဟု အန်အယ်ဒီပါတီက ပြောထားသည်။

    NLD အနေဖြင့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်လာပါက တိုင်းရင်းသားအရေးကို ဆက်လက် ဆွေးနွေးသွားမည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

    “နှစ်ဘက်ပြေလည်သွားပြီးဆိုရင် ကျန်တဲ့ဟာတွေ ဆက်လုပ်သွားလို့ရမယ် NLD အနေနဲ့လည်း ညှိုးနှိုင်းတုန်းကာလပဲရှိတယ် ဘာအကျိုးခံစားခွင့်မှ မရှိသေးဘူး၊ သုံးပွင့်ဆိုင် ဆွေးနွေးဖို့လည်း အချိန်ယူသွားရမယ် ” ဟု ဦးဉာဏ်ဝင်း ပြောသည်။

    ယခုလို အစိုးရသစ်ဘက်မှ အန်အယ်ဒီနှင့် နှစ်ဘက်ပူးပေါင်းဆောင်ရွက်သွားမည့် အနေအထားမှာ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိအောင် လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းတစ်ခုဟု မယုံကြည်ကြောင်း၊ ဖြစ်လာနိုင်သည့် အလားလာလည်း နည်းပါးကြောင်း နိုင်ဟံသာက ပြောသည်။

    ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် တိုင်းရင်းသား ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများအား ဖြေရှင်း နေရသလို အခြား တဘက်မှာလည်း ပြည်သူများအား ထိန်းနိုင်ရန်အတွက် အန်အယ်လ်ဒီနှင့် ပြေလည်စေရန် လုပ်ဆောင်မှု တစ်ခုအဖြစ် သူထင်မြင်သည်ဟု ပြောသည်။

    ထို့ပြင် နိုင်ငံတကာမှလည်း အကောင်းမြင်လာစေရန် အစိုးရ အနေဖြင့် လှည့်ကွက် တခုဖြစ်သည်ဟုလည်း သူက ပြောသည်။

    အစိုးရသစ် လက်ထက်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဇူလိုင်လ ၂၅ ရက်နေ့တွင် တကြိမ်နှင့် ယခုလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှုရလဒ်ကို အန်အယ်လ်ဒီ ပါတီ အနေနှင့် ့ ကြိုဆိုထောက်ခံကြောင်း သြဂုတ်လ ၁၅ ရက်နေ့ တွင် ထုတ်ပြန် ကြေငြာခဲ့သည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks