Homeသတင်းဘားအံ ရေဘေးဒုက္ခသည်များ စခန်းများတွင် ခိုလှုံနေရဆဲ

ဘားအံ ရေဘေးဒုက္ခသည်များ စခန်းများတွင် ခိုလှုံနေရဆဲ

-

ရိုင်မရော့-ကရင်ပြည်နယ် ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် ရောက်ရှိနေသည်မှာ တပတ်နီးပါးရှိပြီ ဖြစ်သော်လည်း ကျရိပ် မရှိသေးသဖြင့် ရေဘေးဒုက္ခသည်များ ဒုက္ခသည် စခန်းများတွင် ခိုလှုံ နေကြရဆဲဖြစ်သည်။

၃ ပတ် ကြာ မိုးဆက်တိုက်ရွာသွန်းနေပြီး သံလွင်မြစ်ရေ စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက် လာသည့်အတွက် သြဂုတ်လ ၅ ရက်နေ့ မှစကာ မြို့ပေါ်ရှိ ရက်ကွက် ၈ ရပ်ကွက်မှ နေအိမ်များ ရေနစ်မြုပ်ခဲ့ရပြီး၊ ဒုက္ခသည် ထောင်နှင့် ချီကာ ရေလွတ်ရာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း နှင့် အားကစားရုံများတွင် စတင် ခိုလှုံခဲ့ကြရသည်။

သံလွင်မြစ်ရေသည် သြဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘားအံမြို့ပေါ်တွင် ၈၃၃ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၈၃ စင်တီမီတာ (၂ ဒဿမ ၇ ပေခန့်) ကျော်လွန်နေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင်ဖေါ်ပြထားသည်။

ယခု မြို့ပေါ်တွင် ရေပြန်ကျနေသော်လည်း ဒုက္ခသည်များ အိမ်မပြန်ရဲပဲ ဖြစ်နေကြောင်း သိရသည်။

“ရေကျသွားပေမယ့်လည်း လူတွေ အိမ်မပြန်ကြသေးဘူး၊ ဒုက္ခသည်စခန်းမှာပဲ ရှိနေကြသေးတယ်၊ ဘာလို့လဲဆိုတော့ ဒီတစ်ရက် နှစ်ရက် လပြည့်နေ့ဆို ရေတွေ ပြန်တက်လာမှာ စိုးရိမ်နေကြတယ်၊ ပြီးတော့ သံလွင်မြစ်ရေလည်း စိုးရိမ်ရေမှတ်အထက် ရှိနေတယ်” ဟု ဘားအံမြို့ ရပ်ကွက် ၂ မှ ဒေသခံတစ်ဦးက ပြောသည်။

ယာယီ စခန်းများတွင် ခိုလှုံနေကြသည့် ရေဘေးဒုက္ခသည်များအား လူမှုရေး အဖွဲ့ငယ်များ၊ ပုဂ္ဂလိကများက အစားအသောက် အကူအညီများလာရောက်ပေးခဲ့ကြကာ သြဂုတ်လ ၆ ရက်နေ့တွင် နိုင်ငံတော် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အကူအညီပေးရန် လာရောက် ခဲ့သည်ဟု မြို့ခံများက ပြောသည်။

“ဦးတင်အောင်မြင့်ဦး လာသွားတယ်၊ ဆန်၊ မားမားခေါက်ဆွဲထုတ်တို့ ဖယောင်းတိုင်တို့ ပေးဝေ သွားတာရှိတယ် ဒါပေမယ့်လည်း လုံလောက်မှုတော့မရှိဘူး” ဟု ဘားအံမြို့ ၂ ရပ်ကွက်မှ ဒေသခံက ပြောသည်။

ဘားအံမြို့ပေါ်ရှိ ရေမြုပ်နေသည့် ရပ်ကွက် ၈ ခုမှာ ရပ်ကွက် တရပ်ကွက်လျှင် လူ ၁၀၀ နှင့် ၅၀၀ ကြားရှိကြောင်း မြို့ခံများက ပြောသည်။

“ရေဘေးသင့်ပြည်သူတွေက ၂၀၀၀ ကျော်ရှိတယ်၊ သြဂုတ် ၃ ရက်နေ့ကနေ အခုချိန်အထိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအချို့နဲ့ အားကစားရုံနှစ်ခုမှာ ယာယီ နေထိုင်နေကြတယ်လေ” ဟု ဘားအံမြို့မှ ကျောင်းသားမိခင်တဦးက ပြောသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ရေကြီးခဲ့သည့်နောက် ကျောင်းများ ပိတ်ထားရပြီး တနင်္လာလနေ့တွင် တချို့သော အတန်းကြီး ကျောင်းများ ပြန်ဖွင့်နိုင်သော်လည်း ရေဘေးဒုက္ခသည်များ ခိုလှုံနေသည့် မူလတန်းကျောင်းများ မဖွင့်နိုင်သေးကြောင်း ကျောင်းသားမိခင် တစ်ယောက်က ပြောသည်။

ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် သြဂုတ်လ ၄ ရက်နေ့က ၉၃၅ စင်တီမီတာသို ့ရောက်ရှိ ခဲ့ပြီး နှစ်ပေါင်း ၄၆ နှစ်အတွင်း ဒုတိယအမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း မိုးလေသ၀နှင့် ဇလဗေဒဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။

သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာနေမှုသည် အဓိကအားဖြင့် မိုးရွာသွန်းမှု အားကောင်းခြင်းကြောင့် ဖြစ်သကဲ့သို့ ရာသီဥတု (climate) ကြောင့် ဖြစ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts