spot_img
Saturday, February 15, 2025
More
    spot_img
    Homeသတင်းထား၀ယ်-ကန်ချနဘူရီ ဒေသ ဆက်လက် တိုက်ခိုက်မည်ဟု ကေအဲန်ယူ ပြော

    ထား၀ယ်-ကန်ချနဘူရီ ဒေသ ဆက်လက် တိုက်ခိုက်မည်ဟု ကေအဲန်ယူ ပြော

    -

    ရိုင်မရော့ – ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံတပ်များ လှုပ်ရှားနေသည့် နယ်မြေအတွင်း၊ ထား၀ယ်-ကန်ချနပူရီ အေ၀းပြေးကားလမ်း ဖောက်လုပ်နေသည့် ဒေသတ၀ုိက်ရှိ အစိုးရစစ်တပ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ကေအဲန်ယူက ပြောသည်။

    “အဲဒီနယ်မြေဟာ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ ဒေသဖြစ်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီဒေသဟာ စစ်လှုပ်ရှားမှုအောက်မှာ အမြဲရှိနေတယ်၊ ကျနော်တို့အနေနဲ့ လိုရင်လိုသလို တိုက်သွားမှာပဲ” ဟု ကေအဲန်ယူ တပ်မဟာ (၄) မြိတ်- ထားဝယ်ခရိုင် ဥက္ကဌ ဖဒိုစောကွယ်ထူးက ပြောသည်။

    ထိုဒေသအတွင်း လှုပ်ရှားနေသည့် ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၄) နှင့် မြန်မာအစိုးရတပ်တို့အကြား ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟုလည်း ၄င်းက ပြောသည်။

    မြန်မာနိုင်ငံ ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တို့ကို ဆက်သွယ်မည့် အဝေးပြေးကားလမ်းကို ဖောက်လုပ်နေသော Italian-Thai ကုမ္ပဏီ၏ အခြေချစခန်း အမှတ် (၁) အနီးရှိ မြန်မာအစိုးရတပ်စခန်းကို ကေအဲန်ယူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တရက်တွင် ကုမ္ပဏီ လုပ်သားတချို့ ကြောက်လန့်ပြီး ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြကြောင်းလည်း သတင်းဖေါ်ပြချက်များ ပေါ်ထွက်ခဲ့သည်။

    “အဲဒီမှာ လုပ်နေရတဲ့ အလုပ်သမားတွေ နဂိုကတည်းက သူတို့ ကြောက်နေကြတယ်လေ။ သူတို့အလုပ်လုပ်နေတဲ့ နေရာတလျှောက်ဟာ ကေအဲန်ယူလှုပ်ရှားနေတဲ့ နယ်မြေဖြစ်နေတာကိုး၊ ပြီးတော့ သူတို့ကို လုံခြုံရေး ယူထားတာက အစိုးရတပ်တွေ၊ ခု ကေအင်ယူနဲ့ တိုက်ပွဲတွေတောင် ဖြစ်နေပြီဆိုတော့ ပိုပြီးတော့ ကြောက်နေကြတယ်” ဟု ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်စုံစမ်းနေသောအဖွဲ့မှ တာ၀န်ခံတစ်ဦးက ပြောသည်။

    လုံခြုံရေးအခြေအနေကြောင့် အဆိုပါ Italian-Thai ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ထိုင်းအလုပ်သမားအချို့ အလုပ်ထွက်ရန် အစီစဉ်ရှိနေကြကြောင်းလည်း သူက ပြောသည်။

    ထားဝယ်-ကန်ချနပူရီ အေ၀းပြေးကားလမ်းဖောက်လုပ်မည့် နယ်မြေတ၀ိုက်ရှိ ကျေးရွာများ ပြောင်းရွှေ့ခံရမှု၊ သဘာ၀ပတ်၀န်းကျင် ထိခိုက်မှု အလားအလာနှင့် နယ်မြေ လုံခြုံရေးကိစ္စတို့ကို အကြောင်းပြုပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် Italian-Thai ကုမ္ပဏီတို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မည်သို့ သဘောတူညီမှု ရသည် မရသည်ကိုမူ ထုတ်ဖေါ်ပြောကြားကြခြင်း မရှိပေ။

     

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts