Homeသတင်းမီးလောင်မှုဖြစ်ပွားခဲ့သည့် ဓါတ်ဆီဆိုင်ပိုင်ရှင် အရေးယူခံရဖွယ်ရှိ

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဓါတ်ဆီဆိုင်ပိုင်ရှင် အရေးယူခံရဖွယ်ရှိ

-

မိလယီထော – မကြာမီရက်ပိုင်းအတွင်း ဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် သက်ဆိုင်ရာဆိုင်ပိုင်ရှင်အား မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲရဲစခန်းမှ ယမန်နေ့တွင် ဒုတိယအကြိမ် ထပ်မံဆင့်ခေါ်ခဲ့ကြောင်း နီးစပ်သူများပြောပြချက်အရ သိရသည်။

မွန်ပြည်နယ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
မွန်ပြည်နယ်အတွင်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

အဆိုပါရဲစခန်းမှ မည်သည့်ပုဒ်မဖြင့်တရားစွဲဆိုထားသည်ကို ရှင်းလင်းစွာမသိကြသေးသော်လည်း ငွေကျပ်သိန်း ၅၀ တောင်းခံထားသည်ဟု အတည်မပြုနိုင်သောကောလဟလသတင်းများ ထွက်ပေါ်လျှက်ရှိသည်။

“ဓါတ်ဆီဆိုင်ပိုင်ရှင် နိုင်ကျောက်လင်းကို မနေ့ကရဲစခန်းကို လိုက်သွားရပြန်တယ်၊ ဘာကိစ္စကိုတော့ တိတိကျကျမပြောပြပါဘူး” ဟု အိမ်နီးနားချင်းဖြစ်သူ လမိုင်းမြို့ပေါ်နေ မိကွန်းတွတ်က ပြောသည်။

လွန်ခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့လည်တွင် မော့ကနင်ရွာနှင့် လမိုင်းမြို့အကြားရှိ ကွမ်သာယာရွာရှိ နိုင်ကျောက်လင်း ဓါတ်ဆီဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ရာတွင် ဆိုင်အပါအဝင် ဆိုင်အတွင်းရှိဓါတ်ဆီများ၊ ကုန်စုံများနှင့် မော်တော်ဆိုင်ယ်တစ်စီး ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုးငွေကျပ်သိန်း ၃ ရာခန့် ဆုံးရှုံးခဲ့ရကြောင်း နီးစပ်သူများက ပြောသည်။ မီးလောင်ရာတွင်ဓါတ်ဆီ ၇၀ ပီပါခန့် လောင်းကျွမ်းခံ ခဲ့ရသည်။

မျက်မြင်တွေ့ရှိရသူတစ်ဦးအဆိုအရ “လူတယောက်က ဓါတ်ဆီသွားဝယ်တယ်၊ ဆီထည့်ဖို့ဂျစ်ပုံးဖွင့်လိုက်တာနဲ့ မီးတောက်ဖြစ်ပေါ်လာပြီး လောင်တော့တာပဲ” ဟု ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေ့တွင် ဆိုင်ရှင်နိုင်ကျောက်လင်းအား လမိုင်းရဲစခန်းမှ ပထမတစ်ကြိမ် ခေါ်ဆောင်သွားခဲ့သည်။

မီးလောင်နေချိန်တွင် မိုးလည်းရွာသွန်းနေသဖြင့် အခြားအိမ်သို့မကူးစက်နိုင်ခဲ့ပေ၊ လမိုင်းမြို့နှင့် မော့ကနင်ရွာမှ မီးသတ်ကားများဖြင့် မီးငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts