Homeသတင်းအစိုးရသစ်ကတိကို ထိုင်းပြည်သူတို့မျှော်လင့်နေ

အစိုးရသစ်ကတိကို ထိုင်းပြည်သူတို့မျှော်လင့်နေ

-

မကြာမီ ထိုင်းနိုင်ငံ ဖွေ့ထိုင်းပါတီမှ အမျိုးသမီးဝန်ကြီးချုပ်သစ် ဖြစ်လာမည့် ယင်လပ် ရှင်နာ၀ပ် (Yingluck Shinawatra) မဲဆွယ်စဉ် ကာလအတွင်း ပြောကြားခဲ့သော ကတိစကားများအတိုင်း စီးပွားရေးနှင့် ပညာရေး တိုးတက်မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား ကန်ချနပူရီခရိုင်ရှိ မွန်တိုင်းရင်းသား မဲဆန္ဒရှင်များ မျှော်လင့်နေကြသည်ဟု သိရသည်။

ယင်လပ် ရှင်နာ၀ပ် မဲဆွယ်ခဲ့စဉ် ကာလများတွင် အကယ်၍ သူမ ဝန်ကြီးချုပ် ဖြစ်လာလျှင် ထိုင်းပြည်သူများ၏ စီးပွားရေးနှင့် ပညာရေး ကိစ္စရပ်များ ပိုမိုတိုးတက်စေလိမ့်မည်ဟု ကတိပေး ပြောကြားခဲ့သည်။

“အခု ဝန်ကြီးချုပ်သစ် ကြိုတင် ကတိပေးထားတဲ့အတိုင်း ပညာရေး အရည်အသွေး တိုးတက်မြင့်မားစေဖို့ ကျောင်းသားတိုင်း ကွန်ပြူတာ တလုံးစီ ရှိစေရမယ် ဆိုတဲ့မူကို ကျမတို့ သိပ်သဘောကျပါတယ်၊ အဲဒီလို ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်နေကြတယ်” ဟု ကျောင်းသားမိခင်တဦးဖြစ်သူ ဝင်းကရွာနေ မိတင်အေး က ပြောသည်။

ယင်လပ် ရှင်နာ၀ပ် (Yingluck Shinawatra)
ယင်လပ် ရှင်နာ၀ပ် (Yingluck Shinawatra)

ဖွေ့ထိုင်းပါတီ၏ ထုတ်ပြန်ချက် တရပ်တွင် မူးယစ်ဆေးဝါးပြဿနာ၊ ဆင်းရင်းသားများ အလုပ်ရရှိရေး၊ ဘွဲ့ရများ လစာပိုမိုရရှိရေး၊ လယ်သမားများအား ကူညီဆောင်ရွက်ရေး၊ ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ရေလွှမ်းမိုးမှု အန္တရာယ် ကာကွယ်ရေးတွင် အထူးသဖြင့် စီးပွားရေး တိုးတက်မြင့်မားစေရန် ဆောင်ရွက်ပေးရေး စသည့်အချက်များ ပါဝင်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော မြောက်ပိုင်းဒေသ ရေဘေးကပ်ဆိုက်ခဲ့ပြီး လယ်မြေများ ရေနစ်မြုပ်ခြင်း၊ ကုန်စျေးနှုန်း မြင့်တက်လာခြင်းအပြင် စီးပွားရေး ကျဆင်းလာကာ ကျောင်းနေအရွယ် ခလေးများ၏ ခေတ်မီ နည်းပညာပစ္စည်း အသုံးပြုမှုများလည်း အားနည်းလာခဲ့သည်။

ကောင်းမွန်သော အစိုးရအုပ်ချုပ်လျှင် ပြည်သူများ ဒုက္ခဆင်းရဲမှုများမှ ကင်းကွာနိုင်ပါမည်။ မစ္စယင်လပ် ဦးဆောင်သော အစိုးရသစ် ကတိပေး ပြောဆိုခဲ့သည့်အတိုင်း ဆောင်ရွက်နိုင်ခဲ့သော် ကျမတို့ ပြည်သူများ ကောင်းမွန်စွာ ခံစားကြရပါမည်ဟု ထိုင်းနိုင်ငံသားအဖြစ် ဆက်ခံခွင့် ရခဲ့သူ မွန်အမျိုးသမီး မိစန်းဦး က ပြောသည်။

ရွေးကောက်ပွဲဝင် ထိုင်းပါတီများ အမှတ်စဉ် (၁) ဖြစ်သည့် ဖွေ့ထိုင်းပါတီအား မစ္စယင်လပ် ရှင်နာ၀ပ် ဦးဆောင်ကာ ၄၉ ရက်ကြာ မဲဆွယ်စည်းရုံးမှုအရ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဖွေ့ထိုင်းပါတီသည် လက်ဆောင်ပဏ္ဏာများ ပေးအပ်၍ မဲဆွယ်စည်းရုံးခဲ့သည်ဟုလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အချို့ထံက ပြောဆိုမှုများ ရှိသည်။

“ဖွေ့ထိုင်းပါတီက ငွေပေးတော့ သူ့ပါတီ ဂဏန်းနံပါတ် (၁) ကိုပဲ မဲထည့်ပေးရမှာပေါ့” ဟု ကြားသိခဲ့သူတဦးက ပြောသည်။

“ဒီဖွေ့ထိုင်းပါတီ မဲအနိုင်ရသွားတာ မအံ့သြမိပါဘူး၊ လူ့သဘာဝအတိုင်း သူတို့ အနိုင်ရအောင် ပြောဆိုနေကြမှာပဲ၊ အခုဝန်ကြီးချုပ် ဖြစ်လာမယ့် ယင်လပ် ပြောဆိုနေတဲ့အတိုင်းပဲပေါ့၊ အခုချိန်မှာတော့ နောင်အနာဂတ်အတွက် အဖြေမပေးနိုင်သေးပါဘူး၊ ဒါကို ကျမတို့ စောင့်ကြည့်နေရဦးမယ်” ဟု မိလန်ယာက ပြောသည်။

ယင်လပ် ရှင်နာ၀ပ်သည် မကြာမီကာလ၌ ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် အဖြစ် ကမ္ဘာ့အမျိုးသမီး တိုင်းပြည်ခေါင်းဆောင်များအနက် (၁၆) ယောက်မြောက် ဖြစ်လာလိမ့်မည်။

ထိုင်းနိုင်ငံသည် ထိုင်းဘုရင်၏ ဦးဆောင်လမ်းပြမှု အောက်တွင် ဒီမိုကရေစီ စည်းမျဉ်းစနစ်အရ လေးနှစ်လျှင် တကြိမ် ရွေးကောက်ပွဲများ ကျင်းပလေ့ ရှိခဲ့ရာတွင် လွှတ်တော်အမတ်ဦးရေ (၅၀၀) ရွေးချယ်ခဲ့သည်။ ၄င်းမှ မဲဆန္ဒနယ် (၃၇၅) အတွက် အမတ်နေရာများအား ဒေသအသီးသီးမှ တိုက်ရိုက် ရွေးချယ်ခဲ့ပြီး ကျန်ရှိသော လွှတ်တော်အမတ် (၁၂၅) နေရာအား သက်ဆိုင်ရာ ပါတီအလိုက် ရရှိသော ထောက်ခံမဲများဖြင့် ရွေးချယ်သတ်မှတ်သည်။

ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲစနစ်တွင် ပြည်သူများထံမှ တိုက်ရိုက် ရွေးကောက်သောစနစ် (Direct Representative Vote) နှင့် ပါတီများ ထောက်ခံမဲ ရရှိမှုအပေါ် လွှတ်တော်အမတ် ကိုယ်စားလှယ် သတ်မှတ်ပေးသောစနစ် (Proportional Vote) နှစ်မျိုး ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts