Homeသတင်းမြန်မာတိုင်းရင်းသားပါတီများ ထိုင်းရွေးကောက်ပွဲလာရောက်လေ့လာ

မြန်မာတိုင်းရင်းသားပါတီများ ထိုင်းရွေးကောက်ပွဲလာရောက်လေ့လာ

-

မင်းသုတ ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် ထိုင်းနိုင်ငံရွေးကောက်ပွဲသို့ မြန်မာအပါအဝင် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၆ ပါတီမှ ကိုယ်စားလှယ်များလာရောက်လေ့လာခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် NDF (ခေါ်) ဒီမိုကရက်တစ်(မြန်မာ) ပါတီဝင်များမှ ကိုယ်စားလှယ် ၁၂ ဦးပါဝင်သောအဖွဲ့သည် ဘန်ကောက်မြို့သို့ ရောက်ရှိနေကြပြီး ဇူလိုင်လ ၂ ရက်နေ့့၌ ထိုင်းရွေးကောက်ပွဲကော်မရှင်နှင့် ထိုင်းပါလီမန်လွှတ်တော်ရုံးသို့ သွားရောက်လေ့လာခဲ့သည်ဟုလည်း အမည်မဖေါ်လိုသော ကိုယ်တိုင်လေ့လာခဲ့သူတဦးက ပြောသည်။

ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra)

“ထိုင်းနိုင်ငံနဲ့ ကျနော်တို့နိုင်ငံ ရွေးကောက်ပွဲကတော့ မိုးနဲ့မြေ၊ ဆီနဲ့ရေလို ကွာခြားပါတယ်၊ သူတို့နိုင်ငံသားတွေဟာ ရွေးကောက်ပွဲတွေအကြိမ်ကြိမ် ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေလည်း ရှိတယ်၊ ကျနော်တို့နိုင်ငံက ၁၉၆၀ နောက်ပိုင်းကစပြီး ဒီမိုကရေစီကျတဲ့ရွေးကောက်ပွဲနဲ့ အလှမ်းဝေးခဲ့တယ်ဆိုတော့ အခုဆိုရင် ရာစုထက်ဝက်ကျော်ပြတ်သွားတယ်၊ ၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲတွေဟာ စစ်အာဏာရှင်လက်အောက်ကရွေးကောက်ပွဲဖြစ်ခဲ့တော့ ဒီမိုကရေစီကျတဲ့ရွေးကောက်ပွဲလို့ မသတ်မှတ်နိုင်ပါဘူး” ဟု အဆိုပါလေ့လာခဲ့သူက ပြောသည်။

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် သီးခြားလွတ်လပ်သောပညာရှင်များဖြင့် ထိုင်းလွှတ်တော်က တိုက်ရိုက်ရွေးချယ်ဖွဲ့စည်းထားပြီး မည်သည့်ပါတီအဖွဲ့များနှင့် မသက်ဆိုင်သလို ထိုင်းအစိုးရနှင့်လည်း လုံးဝမပတ်သက်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်က လာရောက်လေ့လာသူ မြန်မာတိုင်းရင်းသားပါတီများကို ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရလဒ်များ အချိန်မှီထုတ်ပြန်နိုင်ရန်အတွက် ထိုင်းဘုရင့်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရုပ်မြင်သံကြားအဖွဲ့နှင့် အီလက်ထရောနစ် အုပ်ချုပ်ရေးအေဂျင်စီများနှင့်အတူ ဆောင်ရွက်ကြရသည်ဟု သိရသည်။

ထို့အပြင် လက်ရှိထိုင်းဝန်ကြီးချုပ် အဖီစစ် ဝေ့ချာချီဝ (Abhisit Vejjajiva) နှင့် အဆိုပါမြန်မာတိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံခဲ့ရာတွင် သိလိုသည်များကိုမေးမြန်းခဲ့ကြသည်။

“လက်ရှိ ထိုင်းဝန်ကြီးချုပ်ပြောကြားသွားတဲ့အထဲမှာ အရေးကြီးတဲ့အချက်တချက်က သူတို့နိုင်ငံဟာ ဒီရွေးကောက်ပွဲပြီးသွားရင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်” ဟု အဆိုပါလေ့လာခဲ့သူက ဆက်ပြောသည်။

ယမန်နေ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ၌ ဖွေထိုင်းပါတီ (Pheu Thai) မှ ကိုယ်စားလှယ်ထက်ဝက်ကျော် အနိုင်ရလိုက်ပြီး ယင်လပ် ရှင်နာ၀ပ် (Yingluck Shinawatra) က မကြာမီကာလတွင် ပထမဆုံး ထိုင်းအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာမည်ဟု ထိုင်းသတင်းများတွင် ရေးသားဖေါ်ပြကြသည်။

ယခုရွေးကောက်ပွဲအတွင်း ထိုင်းနိုင်ငံတဝှန်း၌ မဲရုံပေါင်း ၉၀,၈၀၀ ရှိသည်ဟု သိရသည်။

အဆိုပါမြန်မာတိုင်းရင်းသားပါတီတို့သည် ယခုလအတွင်း ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာရန် အစီအစဉ်များပြုလုပ်ထားကြောင်း ပြည်တွင်းသတင်းဌာနများတွင် ရေးသားဖေါ်ပြခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts