Homeသတင်းသံဖြူဇရပ်မြို့ အုပ်ချုပ်ရေးမှူးအိမ်အနီး ဗုံးပေါက်ကွဲ

သံဖြူဇရပ်မြို့ အုပ်ချုပ်ရေးမှူးအိမ်အနီး ဗုံးပေါက်ကွဲ

-

မင်းသုတ – ယနေ့နံနက်စောစော သန်းခေါင်ကျော်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး အိမ်အနီး၌ ဗုံးပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ အဆိုပါ ကျယ်လောင်သောဗုံးပေါက်ကွဲသံကို တမြို့လုံးမှာကြားနေရကြောင်း မြို့ ခံများမှ ပြောသည်။

သံဖြူဇရပ်မြို့လယ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
သံဖြူဇရပ်မြို့လယ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

“ကျမတို့ အောင်သာယာရပ်ကွက်အထိ ကြားရတယ်၊ မြေကြီးပါ သိမ့်ကနဲတုန်သွားတာပဲ” ဟု ကိုယ်တိုင်ကြားခဲ့ရသော မြို့ခံအမျိုးသမီးတဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်အနီး အုတ်တံတိုင်း ပြိုကျသွားသည်ဟု သံဖြူဇရပ်စရဖရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

“ဗုံးပေါက်တဲ့နေရာက စရဖရုံးတန်းလျားနဲ့ အုတ်တံတိုင်းတခုပဲခြားတယ်၊ ကိုက်တရာကျော်ကျော်လေး ပဲဝေးတယ်”ဟု သူက ဆက်ပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူမည်ဝါ၊ မည်သည့်အဖွဲ့အစည်း၏လက်ချက်ဟု ကောက်ချက်မချနိုင်သေးကြောင်း သိရသည်။ ထိုဗုံးဖောက်မှု ကိစ္စအား မည်သည့်အဖွဲ့ မှ လုပ်ဆောင်သည်ကိုလည်း ဝန်ခံပြောဆိုခြင်း မရှိပါ။

အလားတူ ယမန်နှစ် ၂၀၁၀ ခု၊ မေလ ၇ ရက်နေ့ ညပိုင်းတွင် သံဖြူဇရပ်မြို့ ရဲစခန်းအနီး၌ ဗုံးတလုံးပေါက်ကွဲခဲ့ရာ ယခုတိုင်လက်သည် မဖေါ်နိုင်ခဲ့သေးပေ။ မေလ ၁၄ ရက်နေ့ တွင် မုဒုံမြို့ အိပ်ချိန်းရုံးအား မွန်လက်နက်ကိုင်အဖွဲ့ တဖွဲ့ မှ ဖောက်ခွဲခဲ့ပေသည်။

မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထားပြီး သံဖြူဇရပ်မြို့နယ်အတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ များ လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာအာဏာပိုင်များထံ လာရောက်အပ်နှံရန်နှင့် လက်နက်မရှိသူများလည်း ခံဝန်ချက်လက်မှတ်ရေးထိုးရန် ကျေးရွာအချို့တွင် အသံချဲ့စက်ဖြင့် နှိုးဆော်ထားသည်နှင့် တိုက်ဆိုင်နေသည်။

ယနေ့ ဇွန်လ ၂၉ ရက်နေ့သည် မွန်ပြည်သစ်ပါတီနှင့် ယခင်စစ်အစိုးရ အပစ်ရပ်စဲသည့်နေ့ ၁၇ နှစ်ပြည့်မြောက်သည့်နေရက်ဖြစ်သော်လည်း ယခုအခါအပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ပြီဖြစ်သည့်အတွက် မည်သည့် အခမ်းအနားကိုမှ မကျင်းပတော့ပေ။

မှတ်ချက်။ ။ မင်းသုတသည် မွန်သတင်းအေဂျင်စီသို့ သတင်းရေးသားပေးသည့် အလွတ်သတင်းထောက်ဖြစ်သည်။

 

 

 

 

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts