spot_img
Tuesday, February 24, 2026
More
    spot_img
    Homeမေးမြန်းချက်အပြစ်ရှာဖို့ လာရင် အလုပ် မဖြစ်နိုင်

    အပြစ်ရှာဖို့ လာရင် အလုပ် မဖြစ်နိုင်

    -

    အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်ဖို့ စီစဉ်နေရာတွင် မြန်မာ့ ဒီမိုကရေစီရေးနှင့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ ကိစ္စများကို အဓိက ကိုင်တွယ်မည်ဟု ယူဆနေကြသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ် ၁၆ နေရာ အနိုင်ရခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကို မိကျဲဂိုက ဆက်သွယ် မေးမြန်းထားပါသည်။

    နိုင်ငွေသိန်း
    နိုင်ငွေသိန်း

    မေး။ ။ အမေရိကန်အစိုးရက အထူးကိုယ်စားလှယ် ခန့်အပ်မယ့် အစီအစဉ်ကို ဘယ်လို နားလည်ပါသလဲ?

    ဖြေ။ ။ ဆွေးနွေးဖို့၊ အမြင်ချင်းဖလှယ်ဖို့ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ လာရောက် အမြင်ချင်းဖလှယ်တာ လာရောက်ညှိနှိုင်းမယ် ဆိုရင် ပိုပြီးကောင်းမွန်မယ် လို့ မြင်ပါတယ်။ တကယ်လို့ အပြစ်လာရှာတာ သက်သက်ဆိုရင်တော့ မကောင်းဘူးပေါ့။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ညှိနှိုင်းပြီး အမြင်ချင်းဖလှယ်၊ အချင်းချင်း ဆွေးနွေးပြီး အကြံဉာဏ်တွေ ပေးမယ်ဆိုရင် ဆောင်ရွက်ရမယ့် လမ်းခရီးဟာ ချောမွေ့နိုင်မယ်။ တကယ်လို့ အပြစ်ရှာဖို့ သက်သက်ပဲ ကြည့်မယ်ဆိုရင် အဲဒါက အချိန်ကြာမြင့်မယ်။

    မေး။ ။ အပြစ် ရှာတယ် ဆိုတာက ဘာကို ပြောတာပါလဲ?

    ဖြေ။ ။ အပြစ်ရှာမယ်ဆိုတာက ဒီလူတွေ အရင်က လုပ်ခဲ့တဲ့ အပြစ်တွေ။ အရင်က လုပ်ထားခဲ့တဲ့ အပြစ်တွေရှာတာ။ တကယ်လို့ အပြစ်ရှာချင်တဲ့ အမြင် ရှိနေရင် အမြဲမြင်နေမယ်လေ။ အခုလည်း ဒီလူတွေ (အစိုးရ) သွားနေတဲ့ လမ်းစဉ်က ပြည်သူ လူထု ဆန္ဒအတိုင်း သွားနေတာ မဟုတ်သေးဘူးလို့ ကျနော်တို့ ခံယူထားတယ်။ သွားသာ သွားနေတာ၊ ဒါပေမယ့် တနေ့ကျရင် ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖြစ်လာမယ်လို့လည်း ကျနော်တို့ မျှော်လင့်ထားတယ်။ ဒီတော့ အပြစ်ရှာချင်ရင် အမြဲတမ်း အပြစ်ဖြစ်နေမယ်။ ဒါကြောင့် ညှိနှိုင်းနိုင်ဖို့ အမြင်ချင်းဖလှယ်နိုင် ထောက်ပြနိုင်ဖို့ လိုမယ်။

    မေး။ ။ အရင်က ကုလသမဂ္ဂကနေ စေလွှတ်ခဲ့တဲ့ မစ္စတာဂမ်ဘာရီ တို့လိုမျိုး မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်တွေဆီမှာ ဘာအားနည်းချက်တွေရှိခဲ့လဲ? အခု အမေရိကန် အထူးကိုယ်စားလှယ်စက ဘာတွေ ပိုလုပ်ပေးနိုင်မယ် ထင်ပါသလဲ?

    ဖြေ။ ။ အရင်က အုပ်ချုပ်ခဲ့တာက စစ်အစိုးရ အာဏာရှင်စနစ် ဆိုတော့ (အားနည်းချက်) ရှိခဲ့မှာပေါ့။ အရင်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ လာတာ ဘယ်လိုလဲဆိုတော့ ညှာနေတာလား ရွံ့နေတာလား။ ဒါမှမဟုတ် နိုင်ငံရေးအခြေအနေ မပြေလည်မှာကို ကြောက်နေတာလား စသဖြင့်ပေါ့လေ။ မပြတ်မသား ဖြစ်လာတာလေ။ ပြီးတော့ အာဏာရှင်စနစ်က ပြတ်ပြတ်သားသား လုပ်ဆောင်မယ်ဆိုရင် ရန်လည်း များလာ နိုင်တယ်လို့ ကျနော်တို့ မြင်တယ်လေ။ သူတို့က အာဏာရှင်တွေလေ။ အထူးကိုယ်စားလှယ် ခန့်အပ်တာ ကိုတော့ ကျနော်တို့ အနေနဲ့က ငြင်းပယ်စရာမရှိပါဘူး။ အကောင်းဆုံးက ဒီနိုင်ငံအတွက် ခန့်တယ်ဆိုရင် အချင်းချင်းညှိနှိုင်းကြ၊ အချင်းချင်း ဆွေးနွေးကြမယ်ဆိုရင် ကျနော်တို့ သွားမယ့် လမ်းခရီးဟာ အဆင်ပြေချောမွေ့မယ်လို ကျနော်တို့ စိတ်ထဲမှာ အဲဒီလို ခံယူထားတယ်။

    မေး။ ။ ဒါဆိုရင် အရင်က ရှိခဲ့တဲ့ အားနည်းချက်တွေကို ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ?

    ဖြေ။ ။ အခုလောလောမှာတော့ အာဏာကို သူတို့ အပ်လိုက်လို့ ပြောရင်လည်း ရမှာပေါ့။ သူတို့ တကယ်အပ်တယ်လို့လည်း ဖြစ်နိုင်တယ်၊ မအပ်ဘဲနဲ့ နောက်က ကြိုးကိုင်တာ လို့လည်း ပြောလို့ရတယ်။ သူတို့ အနောက်က ကြိုးကိုင်ထားပေမယ့် အရင်က အာဏာရှင်စနစ်ကစလိုလောက်တော့ သူတို့ မလုပ်တော့ဘူး သူတို့ ပျော့ပြောင်းလာမယ်။ သူတို့ ပျော့ပြောင်းလာမယ် ဆိုရင် ကျနော်တို့ ညှိနှိုင်းမယ် အမြင်ချင်ဖလှယ်မယ် ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ သွားမယ့်လမ်းစဉ်ဟာ ဖြောင့်ဖြူးမယ်လို့ ကျနော်တို့ ယုံကြည်တယ်။

    မေး။ ။ ဆရာတို့ ညှိနှိုင်းမယ် ဆိုတာက ဘယ်လို ညှိနှိုင်းကြမှာလဲ?

    ဖြေ။ ။ ဘယ်လိုညှိမလဲဆိုတော့ လွှတ်တော်မှာ ညှိနှိုင်းသွားမယ်။ ဒါက ဒီလိုဖြစ်နေတယ်ဆိုတာ အမြင်ချင်းဖလှယ်ရမယ်။ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ယုံကြည်ပြီးတော့ လုပ်တာ မဟုတ်ဘူး။ ၂၀၀၈ ဥပဒေကို တနေ့ကျရင် ကျနော်တို့ ပြင်ဆင်နိုင်မယ်လို့ ကျနော်တို့ တွက်ထားတယ်။ ဒါကြောင့် ကျနော်တို့လုပ်တာ။ ၂၀၀၈ ဥပဒေကို ကြိုက်လို့ လုပ်တာ မဟုတ်ဘူး ၂၀၀၈ ဥပဒေကလည်း အမြဲတမ်းတည်မြဲနေမယ်ဆိုတာ မဖြစ်နိုင်ဘူး။ အမြဲပြောင်းလဲနေရမယ်။ လူမှုအဖွဲ့အစည်းတွေကလည်း ပြောင်းလဲနေတာဆိုတော့ ဒီဥပဒေလည်း ပြောင်းလဲရမယ်။ ကျနော်တို့ယုံကြည်ပြီး လွှတ်တော်မှာ တရားဝင် ကျနော်တို့ တင်ပြမယ်။ ကျနော်တို့ထောက်ပြမယ်။ ကျနော်တို့ ညှိနှိုင်းမယ်ဆိုရင် ရနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။

    မေး။ ။ အမေရိကန် အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား အရေးကိုရော ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ?

    ဖြေ။ ။ သူတို့ တကယ်လုပ်သင့်တဲ့ အထဲမှာ တိုင်းရင်းသားတွေကို ချန်ထားလို့ မရပါဘူး။ ဒီအရေးက တော်တော်လေး အဓိက ကျပါတယ်။ တကယ် ပြောရမယ်ဆိုရင် အရင်က ပြောနေတာက ၃ အဖွဲ့လား၊ ၃ အုပ်စုလား တွေ့ဆုံဆွေးနွေးမှ အဆင်ပြေနိုင်မယ် လို့ ပြောကြတယ်။ တစ်ဖက်ထဲ လုပ်မယ်ဆိုရင် အောင်မြင်မှု မရနိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ ပြဿနာက ခေါင်းဆောင်မှု ပြဿနာ။ ဘာဖြစ်လို့လဲဆိုရင် တိုင်းရင်းသားတွေက နှစ်ပေါင်း ၅၀၊ ၆၀ မြန်မာစစ်အစိုးရ အဆက်ဆက်ကို တော်လှန်လာတယ်။ အဲဒါကြောင့် သူတို့ရဲ့ ဆန္ဒကိုလည်း မေ့ထားလို့ ဥပေက္ခာပြုလို့ မရဘူး။ အဲဒါကြောင့် အထူးကိုယ်စားလှယ် ကလည်း တစ်ဖက်ထဲ ညှိနှိုင်းပေးလို့ မရဘူး။ အဓိက က တိုင်းရင်းသားတွေကို ဥပေက္ခာ ပြုလို့မရဘူး။ မြန်မာအစိုးရပါရမယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတွေ ပါရမယ် ဒီလူတွေပါမှ မြန်မာနိုင်ငံပြဿနာတွေ အဆင်ပြေနိုင်မယ်။ အဲလိုမှ မဟုတ်ရင် အဆင်ပြေနိုင်မှာ မဟုတ်ဘူး။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks