Homeသတင်းမွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

-

လွတ်လပ်သောမွန်သတင်အေဂျင်စီ– မတ်လ ၃၀ ရက်နေ့မှ စ၍ ယနေ့တိုင် မွန်ပြည်သစ်ပါတီ ၆ လပတ် အစည်းအဝေးကို ပါတီဌာနချုပ်ရှိရာ မွန်ပြည်နယ် ရေးချောင်းဖျားဒေသ၌ ကျင်းပလျက် ရှိသည်။

ပါတီ၏ ၆ လအတွင်း လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု အနေနှင့် လှုပ်ရှား အကောင်အထည်ဖေါ်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးမည် ဖြစ်ကြောင်း ဗဟိုကော်မတီဝင် နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အစည်းဝေးကျင်ပနေစဉ်
မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်အစည်းဝေးကျင်ပနေစဉ်

ယုတ်လျော့နေသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများကို ဖြည့်စွက်ရန် အစီအစဉ် မရှိသော်လည်း အခြေအနေအရ ဖြည့်စွက်ကောင်း ဖြည့်စွက်သွားမည်ဟု ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်တလညီ က လွတ်လပ်သော မွန်သတင်း အေဂျင်စီသို့ ပြောခဲ့သည်။

လတ်တလော မွန်ပြည်သစ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၂ ဦး ယုတ်လျော့နေသည်။

ဗဟိုကော်မတီ အစည်းအဝေး ကျင်းပနေစဉ်အတွင်း စစ်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေးကိုလည်း ဗဟိုဌာနချုပ်တွင် ကျင်းပလျက် ရှိသည်။

“အစည်းအဝေး ပြီးသွားရင် အဖြေတခု မုချ ထွက်လာမှာပဲ” ဟု နိုင်ဟံသာဗွန်ခိုင် က ပြောသည်။

ယခင်ကာလများတွင် ဗဟိုကော်မတီ အစည်းအဝေးနှင့် စစ်ရေးဦးဆောင်အဖွဲ့ အစည်းအဝေးကို အချိန်တူ ကျင်းပလေ့ မရှိပေ။ ထူးခြားသည့် အခြေအနေကြောင့် ယခုကဲ့သို့ အချိန်တူ ကျင်းပခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို စစ်အစိုးရတပ်များ ထိုးစစ်ဆင်နေချိန်တွင် စစ်ရေးအရ အထောက်အပံ့ ဖြစ်စေရန်အတွက် မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်တို့ လျှို့ဝှက် တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်မျက်နှာသစ်ဖွင့်ရန် ရှိသည်ဟု ကောလာဟလ ထွက်လျက် ရှိသည်။

ဖွဲ့စည်းပုံအရ မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီ ၂၇ ဦး၊ အရန် ၅ ရှိပြီး ဗဟိုကော်မတီဝင်များအနက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၉ ဦးကို ရွေးချယ်ခန့်အပ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts