spot_img
Thursday, July 31, 2025
More
    spot_img
    Homeသတင်းအခါမဲ့မိုးကြောင့် တပေါင်းလပြည့် ကျိုက်ထီးရိုး ဘုရားဖူး နည်း

    အခါမဲ့မိုးကြောင့် တပေါင်းလပြည့် ကျိုက်ထီးရိုး ဘုရားဖူး နည်း

    -

    မင်းတော်လ၀ီ – မိုးသုံးရက်ဆက်တိုက် ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် တပေါင်းလပြည့်တွင် ကျိုက်ထီးရိုး ဆံတော်ရှင် ဘုရားပွဲတော်သို့ ဘုရားဖူးဧည့်သည် အလွန်လျော့နည်းသွားကြောင်း ရင်ပြင်အောက်ရှိ ဆိုင်ရှင်များ၏ အဆိုအရ သိရသည်။

    ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ကို အဝေးမှ လှမ်းမြင်ရစဉ် (ဓါတ်ပုံ-IDANSKA)
    ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ကို အဝေးမှ လှမ်းမြင်ရစဉ် (ဓါတ်ပုံ-IDANSKA)

    ရာသီဥတုသာယာသည့် ရက်များတွင် ဘုရားရင်ပြင်၊ စျေးဆိုင်နှင့် တည်းခိုရိပ်သာများတွင် ဘုရားဖူးများ ထောင်ချီ လာရောက်ဖူးမြင်ကြသော်လည်း မိုးနှင့် လေပြင်းများ ကျရောက်သည့် တပေါင်းလဆန်း ၁၃ ရက်မှ လပြည့်နေ့ထိ ရာဂဏန်းမျှသာ လာရောက်ကြကြောင်း စျေးဆိုင်ရှင်တဦးက ပြောသည်။

    “၁၄ ရက်နေ့ကဆိုရင် နေ့ရောညပါ မိုးကြီးတယ်၊ ဘုရားကုန်းပေါ်မှာ စျေးဆိုင်ထဲက ဇရပ်တွေထဲက လူတွေ အပြင်ကို မထွက်ရဲဘူး၊ တောင်ပေါ်ကိုလည်း ဘုရားဖူးတွေ မတက်နိုင်ဘူး” ဟု သူက ပြောသည်။

    တပေါင်းလဆန်း ၁၁ ရက် (မတ်လ ၁၅ ရက်) နေ့မှ မိုးအနည်းငယ် ရွာသွန်းပြီး လဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့ထိ မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ဝါးများ ကျိုးကျခြင်း၊ လမ်းချော်ခြင်းနှင့် ရင်ပြင်ပေါ်၌ အအေးဓါတ် လွန်ကဲခြင်းကြောင့် ဘုရားဖူးများ လျော့နည်းသွားခဲ့သည်။

    “ကင်မွန်းစခန်းကနေ တောင်ပေါ်တက်ဖို့ လမ်းချော်နေတာရယ်။ တချို့နေရာတွေမှာ သစ်ပင် ၀ါးပင်တွေ ကားလမ်းပေါ်မှာ လဲပိတ်နေတဲ့အတွက် ရှင်းရမယ်လို့ ကင်းမွန်းစခန်းက ပြောတော့ ကျမတို့ကားက လှည့်ပြန်ပြီး သထုံ ရွှေစာရံဘုရားကိုပဲ ဖူးလိုက်ရတယ်” ဟု ကျိုက်ထီးရိုးဘုရား မဖူးဖြစ်ပဲ ပြန်လာရသူ မွန်ပြည်နယ် မုဒုံမြို့မှ အမျိုးသမီးတဦးက ပြောသည်။

    “တပေါင်းလပြည့်ညကို ကျိုက်ထီးရိုးဘုရားမှာ အဓိဋ္ဌာန်ရှိတော့ ကားမတက်လည်း ခြေလျင်ခရီးနဲ့ တက်တယ်၊ ကားမတက်တော့ လူတွေမသွားနိုင်သလို တောင်ပေါ်မှာ လေကတိုက် မိုးက ကြီးတဲ့အပြင် အအေးဓါတ်ကလည်း ပိုတော့ လူတွေ မရှိသလောက်ပါပဲ” ဟု ခြေလျင်တက်သည့် ဘုရားဖူးတဦးက ပြောသည်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးဘုရား ရင်ပြင်ပေါ်သို့ မော်တော်ကားလမ်း (၉ မိုင်ကျော်) နှင့် ခြေလျင်လမ်း (၇ မိုင်ကျော်) ခရီးများဖြင့် တက်ရောက်နိုင်သည်။

    သမိုင်းမှတ်တမ်းများအရ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ခဲ့သည်။ သီတင်းကျွတ်လပြည့်ကျော် တရက်နေ့မှ ကဆုန်လပြည့်ရက်အထိ ပွဲတော်ရက်ဟု သတ်မှတ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးများ၊ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များဖြင့် အလွန်စည်ကားသည်။

    အခါမဲ့မိုးရွာသွန်းမှု ရှိသော်လည်း မွန်ပြည်နယ် သထုံမြို့ ရွှေစာရံဘုရားပွဲတော်နှင့် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ကေလာသဘုရားပွဲများကို မိုးရွာသည့်ကြားတွင် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts