Homeသတင်းသုံးဆူလမ်းမှ ထိုင်းနိုင်ငံ ဝင်ရောက်သူနည်း

သုံးဆူလမ်းမှ ထိုင်းနိုင်ငံ ဝင်ရောက်သူနည်း

-

ဂျူရီချိုင်း၊ လရီထော – ယခုနှစ်တွင် ဘုရားသုံးဆူလမ်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက် လုပ်ကိုင်သူ သုံးပုံတပုံခန့် လျှော့နည်းသွားကြောင်း လူပွဲစားများနှင့် ကားသမားများက ပြောကြသည်။

သုံးဆူ-ရေးလမ်းတွင် ပြေးဆွဲနေ့သည့် မော်တော်ကားတစီး (ဓာတ်ပုံ - လွတ်လပ်သောမွန်သတင်း အေဂျင်စီ)

အဓိကအားထားရသည့် သုံးဆူ-သံဖြူဇရပ်လမ်း ပိတ်ထားသည့်နောက်တွင် ခရီးကြမ်းသည့် သုံးဆူ-ရေးလမ်းမှ သွားလာရသည့်အတွက် နည်းပါးခြင်း ဖြစ်ကြောင်း ၎င်းတို့က ခန့်မှန်းပြောဆိုကြသည်။

“ခါတိုင်းနှစ်တွေမှာဆို ဒီအချိန်ရောက်ရင် ထိုင်းနိုင်ငံဝင်တဲ့လူတွေ အရမ်းများတယ်၊ တခေါက်ခေါက်ဆိုရင် လူ ၁၀၀ နီးပါး ရှိတယ်။ ဒီနှစ်တော့ တခေါက်ဆို ၃၀ လောက်ပဲ ကျန်တယ်” ဟု ဘုရားသုံးဆူမြို့ရှိ လူပွဲစားတဦးက ပြောသည်။

ထိုင်းနိုင်ငံမှ အနည်းဆုံး လူ ၁၀၀ ဦးခန့် နေ့စဉ် မြန်မာပြည်သို့ ပြန်နေကြပြီး အချို့ရက်များတွင် ၃၀၀ ခန့် ရှိကြောင်း သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်သူ အလုပ်သမားများကို ပို့ဆောင်ပေးသည့် ကားသမားတဦးကလည်း “ ဒီနှစ်မှာ လူတွေ သိပ်မရှိတော့ဘူး၊ ခါတိုင်းနှစ်ဆို တခေါက် အယောက် ၃၀ လောက် ရတယ်။ ဒီနှစ်တော့ အလွန်ဆုံး ၁၂ လောက်ပဲ ရတယ်” ဟု ပြောသည်။

ပြည်တွင်းမှ သုံးဆူနယ်စပ်သို့ ရေးလမ်း၊ သံဖြူဇရပ်လမ်းနှင့် ကြာအင်းဆိပ်ကြီးလမ်း ၃ လမ်း ရှိသည်။ ရေးလမ်းသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်တွင် ရှိပြီး ကျန်လမ်း ၂ လမ်းမှာ ကေအင်ယူ ထိန်းချုပ်နယ်မြေအောက်တွင် ဖြတ်သန်းသွားလာရသည်။

စစ်အစိုးရတပ်မှ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ၏ လက်နက်ကိုင်တပ် ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို ထိုးစစ်ဆင်နေမှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စ၍ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ လမ်း ၂ လမ်းကို ကေအင်ယူက ပိတ်ပစ်ခဲ့သည်။

လမ်းများပိတ်ပြီးနောက် သံဖြူဇရပ်လမ်းတွင် ပြေးဆွဲနေသည့် ကားသမားများ ရေးလမ်းသို့ ပြောင်းလဲ ပြေးဆွဲကြသည်။ ရေးလမ်းမှာ တောင်ချောက်ကမ်းပါး ပေါများပြီး ခရီးကြမ်းသဖြင့် မကြာခဏ ကားမှောက်ခြင်းများနှင့် ကြုံတွေ့ရသည်။ ဇန်နဝါရီလဆန်းမှစ၍ လေးကြိမ်တိုင် ကားမှောက်ခဲ့ပြီး ၃ ဦး သေဆုံးကာ ၂ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

သုံးဆူ-ရေးလမ်း ခရီးသည်တဦးအား ကားခအဖြစ် ယခင်နှစ်တွင် ထိုင်းငွေ ၅၀၀ ဘတ် ကောက်ခံသော်လည်း ယခုနှစ်တွင် အနည်းဆုံး ၇၀၀ မှ ၁၀၀၀ ထိ ကောက်ခံလျက် ရှိကြောင်း ခရီးသည်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts