Homeသတင်းသုံးဆူနယ်စပ် ကျေးရွာများတွင် ညမထွက်ရ အမိန့်ထုတ်

သုံးဆူနယ်စပ် ကျေးရွာများတွင် ညမထွက်ရ အမိန့်ထုတ်

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသ တဒိန်ရွာနှင့် ကျုံမိပြင်ကျေးရွာများတွင် နေ့ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲအပြီး တိုက်ပွဲအတွင်း ညမထွက်ရအမိန့်ကြောင့် မြင်တွေ့ရသည့် ဘုရားသုံးဆူမြို့ မြင်ကွင်း

လွန်ခဲ့သည့် ငါးရက်ခန့်က ကေအင်ယူ တပ်မဟာ ၆ တပ်ရင်း ၁၂ က နေ့မထွက်ရအမိန့်နှင့် တဒိန်ရွာတွင် အခြေချထားသည့် စစ်အစိုးရတပ် ခမရ ၄၀၆ တပ်ရင်းက ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ထားကြောင်း တဒိန်ရွာသူတဦးက ပြောသည်။

“ည ၆ နာရီကနေ မိုးလင်း ၆ နာရီထိ ညမထွက်ရဘူး၊ ဓါတ်မီးထိုးလို့လည်း မရဘူး၊ ရွာမှာ စစ်သားတွေ ရှိတယ်၊ နေ့ဆို ရွာပြင်ထွက်လို့ မရဘူး၊ ကေအင်ယူတွေ ရှိတယ်၊ သူတို့တွေ့ရင် ပစ်သတ်မယ်၊ ဘယ်လောက်အကြာကြီး ပိတ်ထားဦးမယ် မသိဘူး၊ ကြာရင် ကျမတို့အတွက် စားဖို့သောက်ဖို့ အခက်အခဲ ရှိတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

အထက်ပါ ခမရ ၄၀၆ တပ်ရင်းသည် သုံးဆူအနောက်ဘက် ၉ မိုင် အကွာရှိ ချောင်းဆုံကျေးရွာမှ မိုင် ၂၀ ခန့်အကွာ အပလုံကျေးရွာထိ သုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်တွင် လှုပ်ရှားနေသော တပ်ဖြစ်ပြီး သံဖြူဇရပ်မှ ဘုရားသုံးဆူမြို့သို့ တက်လာသည့် ခမရ ၅၆၆၊ ခမရ ၃၇၃ တပ်ရင်းများကို ကူညီရန်အတွက် တပ်စွဲထားခြင်း ဖြစ်သည်။

ကေအင်ယူက လမ်းတွင် ခြုံခိုတိုက်ခိုက်ခြင်းကြောင့် ထိုတပ်ရင်းနှစ်ရင်းက သံဖြူဇရပ်မြို့နယ်မှ ချောဆွဲခဲ့သည့် ၆ ဘီးကား ၂၇ စီးတွင် တင်ဆောင်လာသည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများ ယနေ့ထိ သုံးဆူမြို့ထိ မရောက်နိုင်သေးကြောင်း ဒေသခံ စစ်ရေးအကဲခတ်သူတဦးက ပြောသည်။

ထိုလက်နက်ခဲယမ်းနှင့် ရိက္ခာများကို သွားရောက်သယ်ယူရန်အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့မှ ၁၀ ဘီးကား ၂ စီးကို တစီးလျှင် ထိုင်းဘတ် ၆ သောင်းဖြင့် ငှားခဲ့ကြောင်း၊ ကားငှားခကို သုံးဆူရှိ ကားသမား ၆၀ ကျော်ထံမှ တဦးလျှင် ၂၂၀၀ ဘတ် ကောက်ခံခဲ့ကြောင်း၊ လမ်းတွင် ကေအင်ယူက ခြုံခိုတိုက်ခိုက်ခြင်းကြောင့် ခမရ ၅၆၆ တပ်ရင်းမှ တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၎င်းပြင် ကားမောင်းသမားတဦး သေဆုံးပြီး နောက်လိုက်တဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သူက ဆက်လက်ပြောကြားသည်။

ကားသမားနှစ်ဦး သေဆုံးသွားပြီးနောက် ကားသမား ငှားရန်အတွက် ခမရ (၄၀၂) တပ်ရင်း စစ်ကြောင်းနှင့် ခမရ (၄၀၆) တပ်ရင်း စစ်ကြောင်းများက အိမ်ခြေ ၁၆၀ ကျော်ရှိ ချောင်းဆုံကျေးရွာတွင် မော်တော်ကားရှိသည့် နေအိမ်များကို တစ်အိမ်လျှင် (၅၀၀) ဘတ်နှင့် ကျန်သောနေအိမ်များကို ဘတ် (၅၀) လိုက်လံကောက်ခံနေကြောင်း ဘတ်ငွေ (၁၂၅၀၀) ခန့် ကောက်ခံရရှိထားကြောင်း ချောင်းဆုံရွာသူတဦးက ပြောသည်။

ဘုရားသုံးဆူမြို့ အနောက်ဘက် ၁၈ မိုင်ခန့်အကွာရှိ တဒိန်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ၁၅ မိုင်ခန့်အကွာရှိ ကျုံမိပြင်ရွာတွင် အိမ်ခြေ ၅၀ ခန့် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts