spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းလွှတ်တော်ဥက္ကဌ အရွေးမခံရသော်လည်း အရေးမကြီးကြောင်း မွန်ပါတီ ပြော

    လွှတ်တော်ဥက္ကဌ အရွေးမခံရသော်လည်း အရေးမကြီးကြောင်း မွန်ပါတီ ပြော

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယမန်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်သဘာပတိ၊ ဥက္ကဌနှင့် ဒု-ဥက္ကဌ နေရာများတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက အရွေးမခံရသော်လည်း အရေးမကြီးကြောင်း ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌနိုင်ငွေသိန်း

    “လွှတ်တော် ဥက္ကဌ ဒု-ဥက္ကဌ အရွေးမခံရလည်း ကိစ္စ မရှိဘူး၊ သူတို့က လူများတယ် ဆိုတော့ ကိုယ်က ဘယ်နိုင်မှာလဲ၊ မဲခွဲရင် ကိုယ်က အမြဲရှုံးတာပေါ့၊ တပွဲကျန်သေးတယ်၊ ပြည်နယ်ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့ ရွေးတာ၊ ကျနော့်အမြင် ပြောရရင် အရွေးမခံရလေ ကောင်းလေပဲ၊ ကိုယ်က အတိုက်အခံစစ်စစ် ဖြစ်သွားတာပေါ့” ဟု နိုင်ငွေသိန်းက ပြောသည်။

    ပြည်နယ်ဝန်ကြီးချုပ်ကို သမတကိုယ်တိုင် ခန့်အပ်မည် ဖြစ်၍ မွန်ပါတီက ကျန်ဝန်ကြီးနေရာများကို ရရှိခဲ့ပါကလည်း မိမိစိတ်တိုင်းကျ လုပ်နိုင်မည် မဟုတ်ကြောင်း၊ ပြည်သူ့လိုအင်ဆန္ဒအတွက် လွှတ်တော်တွင် အတိုက်အခံ လုပ်ရလိမ့်မည် ဖြစ်ကြောင်း သူက ပြောသည်။

    “ပြည်သူတွေအတွက်တော့ အတိုက်အခံ လုပ်သင့်ရင် လုပ်ရလိမ့်မယ်၊ ကိုယ့်လူတွေ မကြောက်ဖို့ပဲ အရေးကြီးတယ်။ လူကလည်းနည်း ကြောက်လည်း ကြောက်နေတယ် ဆိုရင်တော့ ဘာမှ အလုပ်မဖြစ်ဘူး” ဟု နိုင်ငွေသိန်းက ပြောသည်။

    ယမန်နေ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော် သဘာပတိအဖြစ် မုဒုံ မဲဆန္ဒနယ် အမှတ် ၁ မှ သတ္တုတွင်း ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် ဦးအုန်းမြင့်ကို ကြံ့ဖွံ့ပါတီက တင်သွင်းရာ ကန့်ကွက်သူမရှိ တင်မြှောက်ခဲ့ပြီး လွှတ်တော်ဥက္ကနှင့် ဒု-ဥက္ကဌ အတွက် ကြံ့ဖွံ့ပါတီနှင့် မွန်ပါတီတို့ ယှဉ်ပြိုင်ရာ ၂ ကြိမ်လုံးတွင် မွန်ပါတီက ရှုံးနိမ့်ခဲ့သည်။

    မုဒုံမဲဆန္ဒနယ် အမှတ် ၂ မှ မွန်အမတ် ဒေါက်တာမင်းနွယ်စိုးက လွှတ်တော်ဥက္ကဌအတွက် ချောင်းဆုံ မဲဆန္ဒနယ် အမှတ် ၂ မှ ကြံ့ဖွံ့အမတ် ဦးကျင်ဖေကို ၇ မဲ ၂၄ မဲဖြင့်လည်းကောင်း၊ ဒု-ဥက္ကဌ အတွက် ကျိုက်ထိုမဲဆန္ဒနယ် အမှတ် ၁ မှ ကြံ့ဖွံ့အမတ် ဦးဌေးလွင်ကို ၈ မဲ ၂၃ မဲဖြင့်လည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့သည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့ မောရဝတီပန်းခြံအနီး ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး (ပယက) တွင် ကျင်းပသည့် ထိုလွှတ်တော်အစည်းအဝေးတွင် ရွေးချယ်ခံ အမတ်များနှင့် တင်သွင်းခံ တပ်မတော် ကိုယ်စားလှယ်များ စုံညီ တက်ရောက်ခဲ့ကြသည်။

    အမတ် ၃၁ ဦးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) က ပြည်နယ်အမတ် ၁၁ ဦးနှင့် တိုင်းရင်းသားရေးရာ အမတ် ၃ ဦး၊ မွန်ပါတီက ၇ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ၂ ဦးနှင့် တပ်မတော် ကိုယ်စားလှယ် ၈ ဦး ပါဝင်သည်။

    ယမန်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်မှ စ၍ အချိန် တနာရီကျော်သာ ပြုလုပ်သည့် ထိုပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သဘာပတိ၊ ဥက္ကဌနှင့် ဒု-ဥက္ကဌ ၃ နေရာအတွက်သာ ရွေးချယ်တင်မြှောက်ခြင်း ပြုခဲ့ပြီး နံနက် ၁၀ နာရီကျော်တွင် ရုတ်သိမ်းခဲ့သည်။ မည်သည့်နေရက်တွင် လွှတ်တော်အစည်းအဝေး ပြန်လည်ခေါ်ယူမည်ကို မသိရသေးကြောင်း နိုင်ငွေသိန်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts