spot_img
Tuesday, June 24, 2025
More
    spot_img
    Homeသတင်းတိုင်းရင်းသား လူမျိုးများ ညီလာခံတရပ် ကျင်းပရန် CEFU ဆုံးဖြတ်

    တိုင်းရင်းသား လူမျိုးများ ညီလာခံတရပ် ကျင်းပရန် CEFU ဆုံးဖြတ်

    -

    ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU အတွင်းရေးမှူး နိုင်ဟံသာ

    အာကာ – တိုင်းရင်းသား လူမျိုးများ ညီလာခံတရပ် ကျင်းပရန် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၄ ရက်တိုင် ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ကျင်းပခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ၏ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

    တိုင်းရင်းသား အင်အားစုများ ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ ကောင်စီ ENC, အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု NDF, ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ULD-LA တို့နှင့် ပူးပေါင်းပြီး ညီလာခံ ကျင်းပနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး နိုင်ဟံသာ က ပြောသည်။

    အဆိုပါ ညီလာခံကြီးတွင် အဖိနှိပ်ခံ တိုင်းရင်းသားများကို ကိုယ်စားပြုနိုင်သည့် နိုင်ငံရေး ဦးဆောင်အဖွဲ့ကြီးတရပ် ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပြီး အခြားတဖက်တွင် ဒီမိုကရေစီရေးအတွက် အလေးထား တိုက်ပွဲဝင်နေကြသော အင်အားစုများနှင့် လက်တွဲပြီး စစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး နည်းလမ်းပေါင်းစုံဖြင့် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၄ ရက်တွင် CEFU က ထုတ်ပြန်ကြေညာခဲ့သည်။

    တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပေါ် စစ်အစိုးရ က ထိုးစစ်ဆင်နွှဲလာပါက  စုပေါင်းခုခံကာကွယ်သွားကြမည် ဖြစ်ကြောင်းလည်း နိုင်ဟံသာ က ပြောသည်။

    “ကျနော်တို့ အဖွဲ့ဝင် မဟုတ်သေးတဲ့ အဖွဲ့တွေကိုလည်း စစ်အစိုးရ က တိုက်လာမယ်ဆိုရင် တနည်းတဖုံ အထောက်အကူ ပေးသွားဖို့ မူအရ စဉ်းစားထားပါတယ်၊ ဒါပေမဲ့ ဘယ်လို ကူညီရမလဲဆိုတာကတော့ တိတိကျကျ မသတ်မှတ်ရသေးဘူး” ဟု သူက ပြောသည်။

    ၎င်းပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒုတိယပင်လုံညီလာခံ ခေါ်ယူကျင်းပရေးကိုလည်း ကြိုဆိုသွားမည် ဖြစ်ကြောင်း နိုင်ဟံသာ က ပြောသည်။

    “ရည်ရွယ်ချက်ခြင်းကတော့ အတူတူပါပဲ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်နေတဲ့အပေါ်မှာ ကျနော်တို့ကတော့ ဝမ်းသာပါတယ်၊ ကြိုဆိုပါတယ်၊ အားပေးပါတယ်” ဟု သူက ပြောသည်။

    အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ K.I.O၊ ကရင်အမျိုးသား အစည်းအရုံး K.N.U၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ K.N.P.P၊ ချင်းအမျိုးသားတပ်ဦး C.N.F၊ မွန်ပြည်သစ်ပါတီ N.M.S.P နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ S.S.P.P တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,500SubscribersSubscribe
    spot_img

    Latest posts