Homeသတင်းမွန်ဒုက္ခသည်များကိုလည်း အထောက်အပံ့လျော့မည်

မွန်ဒုက္ခသည်များကိုလည်း အထောက်အပံ့လျော့မည်

-

လဝီဝင်၊ ရိုင်မရော့ – ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (TBBC) မှ နယ်စပ်ရှိ မွန်ပြည်တွင်းပြောင်းရွေ့ဒုက္ခသည်များ ကူညီထောက်ပံ့မှုကို ၂၀၁၁ ခုနှစ်မှာ လျှော့ချမည်ဖြစ်သည်။

“အလှူရှင်တချို့က အလှူငွေဖြတ်တောက်ဖို့ရှိတယ်၊ ၂၀၁၁ ခုနှစ်အတွက် ငွေကြေးထောက်ပံ့မှုက နည်းသွားတယ်၊ ဒါကြောင့် ကျမတို့အနေနဲ့ ထောက်ပံ့မှုတချို့ကို ဖြတ်တောက်ရတာဖြစ်တယ်” ဟု TBBC အဖွဲ့၏ ဒါရိုက်တာ Sally Thompson က ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်ချုပ်နယ်မြေအတွင်းရှိ ခလောက်ခနီ၊ ရေးချောင်းဖျားနှင့် ထားဝယ်ဒုက္ခသည်စခန်းသုံးခုမှာ ပြည်တွင်းရွေ့ပြောင်းဒုက္ခသည် ၈၉၉၇ ယောက်ခန့်ရှိသည်။ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ကြား အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ၁၉၉၅ ခုနှစ်မှစပြီး အခြေချလာသည့် ဒုက္ခသည်များဖြစ်သည်။

TBBC မှ နယ်စပ်ရှိ မွန်ဒုက္ခသည်များကို တစ်နှစ်လျှင် သုံးလစာအတွက် ဆန်အကူအညီပေးနေပြီး၊ အရွယ်ရောက်သူတစ်ဦးအတွက် တစ်လလျှင် ဆန် ၁၆ ကီလိုနှုန်းဖြင့် ထောက်ပံ့ပေးပြီး၊ ငါးနှစ်အောက်ခလေးအတွက် ဆန် ၈ ကီလို အထောက်အပံ့ရနေသည်။

အထူးသဖြင့် ထားဝယ်ဒုက္ခသည်စခန်းမှာ ဒေသအသီးသီးမှ ခေတ္တခဏ လာရောက်နေထိုင်သူများဖြစ်ပြီး၊ ယခုလို TBBC မှ ကူညီထောက်ပံ့မှု လျှော့ချခြင်းအပေါ် အခက်အခဲများစွာရှိကြောင်း မွန်ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

“ထားဝယ်ဒုက္ခသည်စခန်းအတွက်တော့ ဒုက္ခဖြစ်တာပေါ့၊ အဲဒီဒေသကလူတွေ မွန်တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတယ် သူတို့အတွက် စီးပွားရေးဆိုတာလဲ ဘာမှလုပ်လို့မရဘူး” ဟု မွန်ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တချို့မိသားစုတွေ စားဖို့တောင်မလောက်မငှဖြစ်နေတယ်၊ ဆန်ပြုတ်စားနေရတယ်” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိဒုက္ခသည်များအပေါ် ပေးနေသည့်အကူအညီများ လျှော့ချမှုရှိလာပါက ဒုက္ခသည်များအတွက် ဒုက္ခအကြီးအကျယ်ဖြစ်နိုင်ပြီး အထူးသဖြင့် စခန်းအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာ ရွေ့ပြောင်းရ သူများအတွက် အခက်အခဲရှိသည်။

“ကျမတို့က တနေ့လုပ် တနေ့စားတွေပါ၊ အကူအညီတွေ ဒီ့ထက် ထပ်ဖြတ်အုံးမယ်ဆိုရင်တော့ ဒုက္ခဖြစ်တာပေါ့၊ အလုပ်ရှိတဲ့အချိန်ဆို နည်းနည်းချောင်ပေမယ့် အလုပ်မရှိတဲ့အချိန်ဆို ထမင်းငတ်နိုင်တယ်လေ၊ တချို့ကျတော ခြံတွေရှိတယ်၊ အလုပ်ရှိတယ်ဆိုတော့ သိပ်ပြီး အခက်အခဲမဖြစ်ဘူး” ဟု ခလောက်ခနီ ဒုက္ခသည်စခန်းမှ မိမြက ပြောသည်။

TBBC အဖွဲ့သည် နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအတွက် ကူညီထောက်ပံ့မှုကို လျှော့ချမည်ဖြစ်သည်။ ၄င်းအဖွဲ့သည် ဒုက္ခသည်များကို နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ မြန်မာဒုက္ခသည် တစ်သိန်း ငါးသောင်းကို ကူညီထောက်ပ့ံပေးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts