Homeသတင်းသစ်ထည်လုပ်ငန်း စက်ရုံ ၁၀၀ ကျော် ရပ်နားနေရ

သစ်ထည်လုပ်ငန်း စက်ရုံ ၁၀၀ ကျော် ရပ်နားနေရ

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် သိုလှောင်ထားသည့်သစ်များ မရှိတော့သည့်အတွက် သစ်ထည်လုပ်ငန်းများအားလုံး ရပ်နားထားရသည်ဟု ဘုရားသုံးဆူမြို့မှ အကြီးစား သစ်လုပ်ငန်းရှင်များက ပြောသည်။

ဘုရားသုံးဆူမြို့တွင် ပါကေးကြမ်းခင်းပြားလုပ်ငန်း၊ ယွန်းထည်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်း ၁၁၈ ရုံခန့်ရှိပြီး ၄င်းလုပ်ငန်းကို မှီခိုနေသည့် အလုပ်သမားပေါင်း တထောင်ကျော်ခန့် ရှိသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် နှစ်ဦးပိုင်းမှစ၍ သုံးဆူရှိ သစ်လုပ်ငန်းရှင်ကြီးများ စုပေါင်းပြီး သစ်တန်ပေါင်း ၃ သောင်းကျော် သိုလှောင်ထားခဲ့ရာမှ ကုန်ဆုံးသွားခဲ့ပြီး ထပ်မံခုတ်လှဲပြီးသည့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှ သစ်များလည်း ထုတ်ယူခွင့် မရှိသေးသည့်အတွက် သစ်ထည်လုပ်ငန်းများ ယခုကဲ့သို့ ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

“တစ်နေ့ကို ယွန်းထည်နဲ့ ပရိဘောဂလုပ်ငန်းသက်သက်ကို အနည်းဆုံး သစ်တန် ၅၀ လောက် နေ့တိုင်းသုံးနေရတယ်၊ ပါကေးအတွက် မပါသေးဘူး၊ ဒါကြောင့် သိုလှောင်ထားတဲ့ သစ်တွေ မရှိတော့ဘူး” ဟု ၁၉၉၂ ခုနှစ်မှ ယနေ့တိုင် ပရိဘောဂလုပ်ငန်း တစ်ခုတည်းကိုသာ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကေအဲန်ယူ (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေ မဲကသာဒေသအတွင်း စစ်အစိုးရတပ်များ ထိုးစစ်ဆင်နေမှုကြောင့် ဒီဇင်ဘာ ၁၀ ရက်နေ့မှ စ၍ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းနှင့် မဲကသာသစ်တောတို့ကို ကေအဲန်ယူမှ ပိတ်ထားခဲ့သည်။

“တကယ်လို့ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူလမ်းနဲ့ မဲကသာကြိုးဝိုင်းသစ်တောကို ကေအဲန်ယူ  က ၂၀၁၁ ဇန်နဝါရီလကုန်အထိ ပိတ်ထားမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေး ပျက်စီးသွားနိုင်တယ်” ဟု သစ်တောကြိုးဝိုင်းအတွင်း ခုတ်လှဲပြီး ကျန်ရှိနေသေးသော သစ်တန်ပေါင်း ၂၀၀၀ ကျော် ထုတ်ယူရန် ကေအဲန်ယူနှင့်သွားရောက် ညှိနှိုင်းခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကက ပြောသည်။

ကေအဲန်ယူက သစ်တောကို ပိတ်လိုက်ပြီး နောက်ပိုင်းတွင် သစ်တန်ဖိုးမှာ တဆကျော် မြင့်တက်လာခဲ့သည်။ ယခင် သစ်တတန် စျေးနှုန်း ၁၀၅၀၀ ဘတ်သာ ရှိသော်လည်း ယခုတွင် ၂၂၀၀၀ ဘတ်အထိ မြင့်တက်လာခဲ့သည်။
“အခုစျေး ၂၂၀၀၀ ဘတ်နဲ့ ဝယ်တာတောင် ဝယ်ဖို့သစ်တွေ မရှိဘူး” ဟု  ၂၀၀၃ ခုနှစ်မှ စ၍ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် ထုတ်လုပ်သည့် ပရိဘောဂများ၊ ယွန်းထည်များနှင့် ပါကေးကြမ်းခင်းပြားများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts