စစ်အစိုးရမှ ကျင်းပသည့် နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင်ကာလတွင်လည်းကောင်း၊ ရွေးကောက်ပွဲကာလတွင်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးအချိန်တွင်လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုတို့မှ ၎င်းတို့၏ ရပိုင်ခွင့်အတွက် အခွင့်အရေး တောင်းဆိုနေသည်ကို အစိုးရသစ်မှ မည်သို့ ဆက်လက်ကိုင်တွယ်သွားမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။
စစ်အစိုးရမှ နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲ မကျင်းပမီ ကာလကတည်းက တိုင်းရင်းသားများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို သာမက (၂၀၁၀) ရွေးကောက်ပွဲအပေါ် မကျေနပ်ကြောင်း သဘောထား ပြသခဲ့ပေသည်။ ပြည်တွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ကလေးမြို့ ကျေညာစာတမ်းမှတဆင့် ဒုတိယပင်လုံညီလာခံ ကျင်းပရေးကို တောင်းဆိုခဲ့ပေသည်။
နယ်စပ်ဒေသတွင်လည်း အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်တို့က (၂၀၀၈) ဖွဲ့စည်းပုံ၏ နောက်ဆက်တွဲ “နယ်ခြားစောင့်တပ်” ပြောင်းလဲသည့် ကိစ္စအား လက်မခံနိုင်ကြောင်း ကြေညာပြီး စစ်အစိုးရအား ဆက်လက်တော်လှန်နေသည့် အင်အားစုနှင့် ပူးပေါင်းကာ (၆) ပါတီ နိုင်ငံရေးစစ်ရေး မဟာမိတ် ဖွဲ့စည်းကာ စစ်အစိုးအား ဆက်လက်တော်လှန် တိုက်ခိုက်ရန် ပြင်ဆင်နေပေသည်။
တချိန်တည်းတွင် ရွေးကောက်ပွဲအတွင်း နယ်စပ်ဒေသမှ ဖြစ်ပွားသည့် တိုက်ပွဲသတင်းသည် စစ်အစိုးရ၏ သတင်းထက် ပိုမိုကျော်ကြားခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အချိန်တွင်လည်း ဒုတိယပင်လုံ ညီလာခံကိစ္စကိုလည်းကောင်း၊ အမျိုးသား ရင်ကြားစေ့ရေးကိုလည်းကောင်း ဆောင်ရွက်ရန် ပြောကြားခဲ့ပေသည်။ ဤကဲ့သို့သော အဖြစ်အပျက်အားလုံးသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပြဿနာသည် အဓိကပြဿနာတရပ် ဖြစ်ကြောင်း ဖော်ပြနေပေသည်။
ထို့ကြောင့် အသစ်တက်လာမည့် စစ်ဗိုလ်ဝန်ကြီးဟောင်းများနှင့် ဖွဲစည်းထားသည့် အစိုးရသည် တိုင်းရင်းသား လူမျိုးစုတို့၏ ကိစ္စအပေါ် တမျိုးတဖုံ ကိုင်တွယ်ရမည် ဖြစ်ပေသည်။ မကြာသေးမီက စစ်အစိုးရက ထောက်လှမ်းရေး အကြီးအကဲဟောင်း “ဗိုလ်ချုပ်ကြီး ခင်ညွှန့်” နှင့် တွေ့ဆုံကာ တိုင်းရင်းသားကိစ္စအပေါ် ကိုင်တွယ်ရေးအတွက် အကြံညာဏ်တောင်းနေကြောင်း ခန့်မှန်းရပေသည်။
ဗိုလ်ချုပ်ကြီး ခင်ညွှန့်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူကာ “လုံးပါးပါး” ပေါ်လစီကို အသုံးပြုပြီး တိုင်းရင်းသားများ အင်းအားချည့်နဲ့အောင် ဆောင်ရွက်ခဲ့ပေသည်။
စစ်အစိုးသစ်သည်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ အကြံညာဏ်ကို ရယူကာ ဒုတိယ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူရေး တွေ့ဆုံံဆွေးနွေးပွဲ ခေါ်ယူနိုင်ပေသည်။ ဤကား ဒုတိယပင်လုံ ညီလာခံ ကျင်းပရေးကို မှေးမှိန်စေနိုင်ပေသည်။
သို့တည်းမဟုတ် တိုင်းရင်းသား လူမျိုးစုများအပေါ် အပြုတ်တိုက် ချေမှုန်းဦးမည့် အခြေအနေလည်း ရှိနိုင်ပေသည်။ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူပြီး တိုင်းရင်းသားများအား နှိမ်နင်းရာတွင် အသုံးပြုမည်လော ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ စစ်အစိုးရသည်လည်းကောင်း၊ အသစ်တက်လာမည့် အစိုးရသည်လည်းကောင်း၊ တိုင်းရင်းသားများ တောင်းဆိုသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို လိုလားသည့် အုပ်စုမဟုတ်သည်နှင့်အညီ နည်းလမ်းမျိုးစုံဖြင့် တိုင်းရင်းသားများအပေါ် ဆက်လက် နှိပ်ကွပ်သွားမည် ဖြစ်ပေသည်။