spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို ကလျာဏီသိမ် ကျောက်စာပုံများဖြင့် သရုပ်ဖော်မည်

    မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို ကလျာဏီသိမ် ကျောက်စာပုံများဖြင့် သရုပ်ဖော်မည်

    -

    နိုင်မာန် – ၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို ကလျာဏီသိမ် နှင့် ခေတ်အဆက်ဆက်က ဖျက်ဆီးခံထားရသည့် ကလျာဏီကျောက်စာပုံများဖြင့် သရုပ်ဖော်သွားမည် ဖြစ်ကြောင်း မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီက ဆုံးဖြတ်လိုက်သည်။

    မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီ ဒု-ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်း တင်ပြသည့် ပင်လုံကျောက်တိုင်နှင့် တိုင်းရင်းသား ၈ ခုကို ကိုယ်စားပြုသည့် လက်ချင်းယှက်ထားပုံများဖြင့် သရုပ်ဖော်ရန် ကော်မတီဝင် အများစုက သဘောတူကြသော်လည်း နိုင်ငံရေးနှင့် ရှုပ်ထွေးသွားမည်ကို စိုးရိမ်သဖြင့် ပြောင်းလဲဆုံးဖြတ်ခြင်း ဖြစ်သည်။

    သို့သော်လည်း ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေမည့် စွပ်ကျယ်ဒီဇိုင်းတွင်မူ ပင်လုံသရုပ်ဖော်ပုံကို ထည့်သွင်းဖော်ပြမည် ဖြစ်သည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံ၌ ပြုလုပ်သည့် ယင်းအစည်းအဝေးတွင် မြို့နယ်အသီးသီးမှ ကော်မတီဝင်များ တက်ရောက်ပြီး ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

    “ကျနော် တင်ပြထားတာက တိုင်းရင်းသားတွေ လိုလားပြီး ပြည်သူတွေ စိတ်ဝင်စားနေတဲ့ လတ်တလော ဒုတိယပင်လုံ ညီလာခံနဲ့ ဟပ်စပ်တဲ့ သရုပ်ဖော်ပုံပါ၊ ဒါပေမဲ့ တဘက်က ကြည့်ရင် ကျနော်တင်ပြထားတာဟာ ထင်ရှားလွန်းတယ်၊ အာဏာပိုင်တွေကလည်း ဒါကို လိုလားပုံမရဘူး၊ ဒါ့ကြောင့် နိုင်ထောအိန် တင်ပြတဲ့ ကလျာဏီသမိုင်း သရုပ်ဖော်ပုံကို ကျနော်တို့ သဘောတူလက်ခံကြတာပါ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ဒေါက်တာမင်းကြည်ဝင်းသည် ဖျက်သိမ်းခံထားရသည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သည်။

    မြေစိုက်ပိုစတာတွင် သရုပ်ဖော်မည့် အကြောင်းအရာ အချက်အလက် အထောက်အထား အပြည့်အစုံကို အာဏာပိုင်များထံ တင်ပြပြီး ခွင့်ပြုချက် ရမှသာ ဖော်ပြခွင့် ရှိသည်။ စွယ်ကျယ်ဒီဇိုင်းမှာမူ တင်ပြစရာမလိုကြောင်း သိရသည်။

    ကလျာဏီသိမ်နှင့် ကလျာဏီကျောက်စာကို ၁၅ ရာစုတွင် ဟံသာဝတီနေပြည်တော်ကို စိုးစံသည့် မွန်ဘုရင် ဓမ္မစေတီမင်းတရားကြီးက ဆောက်လုပ် လှုဒါန်း ရေးထိုးခဲ့သည်။

    နှစ်စဉ် ကျင်းပသည့် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာကို လက်ရှိဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေနှင့် စပ်ဟပ်၍ မွန်သမိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများဖြင့် သရုပ်ဖော်ရေးဆွဲလေ့ ရှိသည်။

    ၂၀၀၇ စက်တင်ဘာ အရေးအခင်းတွင် စစ်အစိုးက သံဃာတော်များကို ရိုက်နှက် ပစ်ခတ် ဖမ်းဆီးပြီးနောက်တွင် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာပုံကို ဓမ္မစေတီ မွန်မင်းတရားကြီး သာသနာတော်ကို ကြည်ညိုသော သရုပ်ဖော်ပုံဖြင့် ရေးဆွဲဖေါ်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts