Homeသတင်းရက်အကန့်အသတ်မရှိ ရေလမ်းကုန်လမ်းပိတ်ထားခြင်းအပေါ် ကုန်သည်များ စိုးရိမ်

ရက်အကန့်အသတ်မရှိ ရေလမ်းကုန်လမ်းပိတ်ထားခြင်းအပေါ် ကုန်သည်များ စိုးရိမ်

-

ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်ကားလမ်းကို ကေအဲန်ယူတို့မှ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ခြင်းအပေါ် ကုန်သည်များနှင့် ဒေသခံများက စိုးရိမ်မကင်းဖြစ်နေကြသည်။

“အခုလို ရက်အကန့်အသတ်မရှိ ပိတ်ထားတဲ့အပေါ်မှာ ကုန်သည်တွေ လုံးဝ ကုန်အတင်အချလုပ်လို့မရဘူး လောလောဆယ်မှာတော့ ဆန်တွေက မိုးတွင်းမှာ သိုလှောင်ထားတဲ့ဆန်တွေ ရှိသေးတာပေါ့ ဒါပေမယ့် အဲဒီဆန်တွေက ဒီလကုန်လောက်မှာဆိုရင် မရှိနိုင်တော့ဘူး၊ အခုဆို ကုန်သည်တွေရော မြို့ခံတွေရောပဲ စိုးရိမ်နေကြတာ” ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ရေလမ်းခရီးဖြစ်သည့် သုံးဆူ-ကြာအင်းဆိပ်ကြီးလမ်းကို ဇမိမြစ်ချောင်းတလျှောက် ကေအဲန်ယူနှင့် နအဖတပ်တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်ကို နအဖတပ်မှ ကေအဲန်ယူကို ထိုးစစ်ဆင်ရန် ထိုလမ်းကို နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပိတ်ထားလိုက်ပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြန်လည်ဖွင့်ပေးခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သုံးဆူ-သံဖြူဇရပ်ကားလမ်းကို မြို့အာဏာပိုင်တို့မှ စတင်ပြေးဆွဲခွင့်ပြုတော့မည်ဟု သတင်းထွက်နေသော်လည်း ကေအဲန်ယူတပ်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် မည်သူကမျှ မသွားလာရဲကြောင်း လမ်းဖွင့်မည့် အစီအစဉ်လည်း ရပ်တန့်နေကြောင်း သိရသည်။

“ကားလမ်းကတော့ ပြေးဆွဲလို့ရနေပြီးလေ ဒါပေမယ့် ကေအဲန်ယူက ပိတ်ထားလိုက်တော့ ဘယ်ကားမှ မဆွဲရဲဘူး၊ နအဖဘက်ကတော့ ဘာမှမပြောဘူး သွားချင်ရင် သွားလို့ရတယ် ဒါပေမယ့် ဘယ်သူကမှ မသွားရဲဘူး၊ ကုန်သည်တွေ ကားသမားတွေကျတော့ နားထားရတာပေါ့၊ ခရီးသည်တွေက ရေးမြို့နယ်ဘက်ကလမ်းနဲ့ သွားကြတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် သုံးဆူမြို့နယ်တဝိုက်တွင် ကေအဲန်ယူနှင့် နအဖတပ်တို့ ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေသည်ကို နအဖတပ်များ တပ်ထပ်တိုးလာနိုင်သည့်အခြေအနေကြောင့် ကေအဲန်ယူမှ ယခုလို ကားလမ်းကို ပိတ်လိုက်ခြင်းဖြစ်တယ်လို့ ကေအဲန်ယူအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆန်တော့ စျေးမတက်သေးဘူး၊ ပုံမှန်လောက်ပါပဲ ဒါပေမယ့် တခြားကုန်စျေးနှုန်းတွေကျတော့ တက်နေတယ်၊ ကြာကြာပိတ်မယ်ဆိုရင်တော့ ကုန်စျေးနှုန်းတွေ တက်လာမှာပဲလေ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အခုလို နအဖတပ်နှင့် ကေအဲန်ယူတို့အကြား စစ်ရေးတင်းမာမှုရှိသည့်အခြေအနေကြောင့် နအဖမှ လမ်းခရီးပိတ်လိုက် ကေအဲန်ယူမှ ပိတ်လိုက်လုပ်ခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေရသလို ခရီးသွားများလည်း အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ကုန်သည်တို့က ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် သုံးဆူမြို့တွင် နိုဝင်ဘာလ ၈ ရက်နေ့မှ မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ဒီကေဘီအေ၊ ကေအဲန်ယူတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှုတွေ ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts