Homeသတင်းကေအဲန်ယူကို ထိုးစစ်ဆင်ရန် စစ်အစိုးရတပ်မှ ရေလမ်းပိတ်

ကေအဲန်ယူကို ထိုးစစ်ဆင်ရန် စစ်အစိုးရတပ်မှ ရေလမ်းပိတ်

-

ကျွန်းချောင်းဂိတ်

တလလဝီ – ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ချောင်းဆုံ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးကို စစ်အစိုးရတပ်တို့မှ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ ချောင်းဆုံရှိ လှေသမားများအား ရက်အကန့်အသတ်မရှိ လှေမထွက်ရန်  ခမရတပ်ရင်း ၂၈၃ မှ ဗိုလ်မှူးကြီး သိန်းဇော်က တားမြစ်ထားသည်။

ထိုကဲ့သို့ လှေမပြေးဆွဲရန် တားမြစ်ထားပြီးနောက်ပိုင်း စစ်တပ်မှ ခွင့်ပြုချက်မရဘဲ လှေအတက်အဆင်းပြုလုပ်ပါက စစ်တပ်မှ ပစ်မိန့်ရရှိထားသည်ဟု လှေသမားများကို ခြိမ်းခြောက်ပြောဆိုထားသည်ဟု လှေဂိတ်ရှိ ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

ချောင်းဆုံတွင် မြန်မာစစ်အစိုးရတပ် ခမရ ၂၈၃ နှင့် ခမရ ၄၀၅ တို့က လှုပ်ရှားနေကြောင်း သိရသည်။

“အခုဆို ဂိတ်တွေလည်း အားလုံးပိတ်ထားလိုက်တယ်၊ လှေအတက်အဆင်း လုပ်လို့ မရတော့ဘူး၊ လှေပြေးဆွဲတာတွေ့ရင် ပစ်မယ်လို့ပြောထားတယ်၊ အဲဒီအနီးနားတစ်ဝိုက်က ရွာခံတွေလည်း တိုက်ပွဲဖြစ်မှာကို အရမ်းကြောက်နေတယ် တချို့ဆို ရွာမှာတောင် မနေရဲကြတော့ဘူး” ဟု ၄င်းက ပြောပါသည်။

နိုဝင်ဘာ ၂၈ ရက်နေ့တွင် ချောင်းဆုံမှ သုံးမိုင်လောက်ဝေးသည့် မယ်တဗွီးကျေးရွာ၌ ကေအန်ယူနှင့် စစ်အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် ရွာခံ ၆ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးသွားသည့်အတွက် စစ်အစိုးရတပ်မှ ရေလမ်းခရီးဖြင့်သွားသည့် လှေများအား ဂိတ်မှထွက်ရန် ပိတ်လိုက်သည်ဟု ချောင်းဆုံဒေသခံက ပြောသည်။

ယခုရက်ပိုင်းအတွင်း  စစ်အစိုးရနှင့် ကရင်တပ်အကြား မကြာခဏ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့်အတွက် ကျွန်းချောင်းကျေးရွာအုပ်စုရှိ ရွာပေါင်း ၅ ရွာမှ ဒေသခံပြည်သူများ ဘေးကင်းရာ သုံးဆူမြို့သို့ ခေတ္တခဏ ပြောင်းရွှေ့ နေကြကြောင်း ဒေသခံများက ပြောသည်။

“အခုလို တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ ကျမတို့ ရွာကနေ ထွက်ပြေးရတာပေါ့၊ ရွာမှာ မနေရဲတော့ဘူးလေ၊ တိုက်ပွဲတွေကလည်း အနီးအနားတဝိုက်မှာပဲ ဖြစ်နေတယ် ကိုယ့်ရွာမှာလည်း တိုက်ပွဲပြန်ဖြစ်မှာ ကြောက်နေရတယ်”ဟု သုံးဆူသို့ ထွက်ပြေးလာသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ ဆန်ကုန်သည်ကြီးနှစ်ဦးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဆန်အိတ် တစ်ထောင် သိုလှောင်ထားပေးရန် ညွှန်ကြားထားကြောင်း ထိုဆန်ကုန်သည်နှင့် နီးစပ်သည့် သုံးဆူမြို့ခံတစ်ဦးက ပြောသည်။ ထိုဆန်အိတ်များကို သုံးဆူနယ်တဝိုက်ရှိ စစ်အစိုးရတပ်တို့က ရိက္ခာလိုအပ်လာသည့်အခါမှာ လာရောက် ထုတ်ယူမည်။

လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့၌ တောင်စွန်းမှ နွားလှည်းဖြင့်သယ်လာသည့် ဆန်အိတ် ၅၀ ကို ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း ၁၆ မှ ပလုံးရွာထိပ်မှာ သိမ်းယူမှုရှိခဲ့သည်ဟု ကေအန်ယူ တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ပြောသည်။

ယခုလို တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရုံမက လှေလမ်းပါ ပိတ်လိုက်ခြင်းကြောင့် ကုန်စျေးနှုန်းတက်ကာ စားဝတ်နေရေးအဆင်မပြေ ဖြစ်ရသည်ဟု သုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts