Homeသတင်းရေးမြို့နယ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

ရေးမြို့နယ်တွင် ဒုတိယအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

-

မွန်ပြည်နယ် ရေးမြို့နယ် ပထမအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ

အာကာ – မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲရှိ ကလို့တုတ်ရွာတွင် ယမန်နေ့က ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဒုတိယအကြိမ် ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် ၎င်းမြို့နယ်ခွဲရှိ ကရင်တိုင်းရင်းသား ကျေးရွာပေါင်း (၁၀) ရွာမှ ရွာသူရွာသားများ၊ ပညာရေး ကျန်းမာရေး ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ အင်အား (၅၀၀) ကျော် တက်ရောက်ကြပြီး နံနက် (၇) နာရီခွဲမှ (၉) နာရီခွဲထိ ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ကျင်းပတဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတာ ဖြစ်တဲ့အတွက် ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြခြင်းကြောင့် ယနေ့တွင် ခလရ (၁၀၆) တပ်ရင်း နှင့် ခလရ (၆၁) တပ်ရင်းတို့က ဆန္ဒပြသူများကို လိုက်လံစုံစမ်းနေပြီး ရေးမြို့နယ် မယက မှ ၎င်းမြို့နယ်ခွဲအတွင်းရှိ ရယက ဥက္ကဌ များကို နိုဝင်ဘာလ (၄) ရက်နေ့တွင် ဆင့်ခေါ်ထားကြောင်း ရယက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆန္ဒပြပွဲတွင် “နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဒို့အရေး” “စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး ဒို့အရေး” “ဒီမိုကရေစီ တည်ဆောက်ရေး ဒို့အရေး” “သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဒို့အရေး” ဟု ကြွေးကြော်ခဲ့ကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်ပိုင်းတွင် ပထမအကြိမ် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဆန္ဒပြသည့် နေရာများမှာ စစ်အာဏာပိုင်များနှင့် အလှမ်းဝေးပြီး ကေအန်ယူ သြဇာသက်ရောက်သည့် နယ်မြေများ ဖြစ်သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အကြားရှိ ကားလမ်းတလျှောက်တွင် NO 2010 ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာများကို လိုက်လံဖြန့်ဝေ ကပ်ထားခဲ့ပြီး စစ်အာဏာပိုင်များက လိုက်လံသိမ်းဆည်းနေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts