အာကာ၊ ကျလွန်းထော – ရွေးကောက်ပွဲ မတိုင်မီ ညမှာ သူ့အမေဟာ ဝမ်းရောဂါကြောင့် အိပ်ရာထဲမှာ ဘုန်းဘုန်းလဲခဲ့ရတယ်။ (၁၉၉၀) ခုနှစ် မေလ (၂၆) ရက်နေ့ကပေါ့။ အဲဒီနေ့ရဲ့ မနက်ဖြန်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ပါ။ မဲထည့်ဖို့အတွက် မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်တွေ အိမ်တိုင်ယာရောက် သူ့အမေကို လာကြိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့အမေက မဲရုံကို မသွားနိုင်ခဲ့ဘူး။ သူကလည်း အသက် (၁၇) နှစ်ပဲ ရှိသေးတော့ မဲမပေးနိုင်ခဲ့ပါဘူး။
အချိန်က အနှစ် (၂၀) လွန်လာခဲ့ပါပြီ။ သူ့အမေကလည်း တမလွန်ကို သွားရှာပါပြီ။ ဒီရွေးကောက်ပွဲမှာတော့ သူ မဲပေးနိုင်တော့မှာပါ။ ဒါပေမဲ့ အခုလာမယ့် (၂၀၁၀) ရွေးကောက်ပွဲက မလွတ်လပ်ဘူး၊ တရားမမျှတဘူးလို့ ဝေဖန်နေကြတာကြောင့် မဲပေးသင့် မပေးသင့်၊ ဘယ်ပါတီကို မဲပေးသင့်တယ်ဆိုတာ အရင်က သူ မဝေခွဲတတ်သေးပါဘူး၊ အခုတော့ သူဝေခွဲတတ်ပါပြီ။ သူကတော့ မွန်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး မြို့နယ် ဖြစ်တဲ့ ရေးမြို့နယ်က ရွာတစ်ရွာမှာ မွေးဖွား ကြီးပြင်းလာခဲ့တဲ့ ကိုမွန်ချမ်းပါ။
“တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ မဲမထည့်ခင် ညမှာ ကျနော့်အမေ နေမကောင်း ဖြစ်တယ်၊ အဲဒီရောဂါနဲ့ပဲ နောက်နှစ်နှစ်မှာ ကျနော့်အမေ ဆုံးခဲ့တယ်၊ အခုဆို (၁၈) နှစ်လောက် ရှိပြီ။ ။ ကိုးဆယ်တုန်းက ရွေးကောက်ပွဲဟာ ကျနော့်အတွက် အမှတ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်” လို့ ကိုချမ်းမွန်က ပြောတယ်။
(၁၉၉၀) ရွေးကောက်ပွဲတုန်းက ပြည်သူတွေက နိုင်ငံရေး အသိတရား နည်းပါကြပေမယ့် ဒီမိုကရေစီ အစိုးရ ပေါ်လာမှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားခဲ့ကြပါတယ်လို့ သိမီသူတို့က ဆိုပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြည်သူတွေက မခံစားခဲ့ကြရပါဘူး။ ရွေးကောက်ပွဲရလဒ် ပေါ်လာတဲ့ မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ရွေးကောက်ပွဲက သူတို့ကို သင်ခန်းစာ ပေးခဲ့လေတော့ “ခဲမှန်ဘူးတဲ့ စာသူငယ်” လို “တခါသေဘူး ပျဉ်ဖိုး နားလည်” ခဲ့ပြီမို့ ဒီလာမဲ့ ရွေးကောက်ပွဲကလည်း မုသာဝါဒ ရွေးကောက်ပွဲလို့ပဲ သူတို့က မှတ်ယူနေကြပါတယ်။
မွန်ပြည်နယ်မှာ မြို့နယ် (၁၀) မြို့နယ် ရှိပါတယ်။ ဒီ (၁၀) မြို့နယ်ကို မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်ဆိုတဲ့ ခရိုင် (၂) ခုနဲ့ ခွဲထားပါတယ်။ မော်လမြိုင်ခရိုင်မှာတော့ မော်လမြိုင်မြို့နယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ကျိုက်မရောနဲ့ ရေးမြို့နယ်တို့ ပါဝင်ကြပြီး သထုံခရိုင်မှာတော့ ပေါင်မြို့နယ်၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့ ပါဝင်ကြပါတယ်။ သံလွင်မြစ် ခြားထားတဲ့ ဒီခရိုင် (၂) ခုကို မြန်မာပြည်မှာ အရှည်ဆုံး တံတားဖြစ်တဲ့ သံလွင်တံတားနဲ့ ပေါင်းကူးထားပါတယ်။
(၁၉၉၀) ရွေးကောက်ပွဲက မွန်ပြည်နယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ် (၄) ခုမှာ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့မဲဆန္ဒနယ်အားလုံးမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြပါတယ်။
ဒီလာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၊ ယခင် ကိုးဆယ်ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစညပါတီ)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဆိုတဲ့ ပါတီ (၆) ခုက မွန်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
ဒီပါတီ (၆) ခုမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (မွန်ပါတီ) နဲ့ ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ (ကရင်ပါတီ) တို့ဟာ တိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကရင်ပါတီက ကရင်ပြည်နယ်ကိုသာ အားထားပြီး မွန်ပြည်နယ်မှာတော့ ကျိုက်မရောမြို့နယ် တစ်ခုမှာသာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ မွန်ပါတီကတော့ မော်လမြိုင်ခရိုင် (၆) မြို့နယ်နဲ့ သထုံခရိုင် ပေါင်မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါလိမ့်မယ်။
ရုပ်ဝတ္ထုအင်အား အကြီးဆုံးကတော့ ကြံ့ဖွံ့ပါတီ ဖြစ်ပြီး ဒုတိယကတော့ တစညပါတီ ဖြစ်ပါတယ်၊ ဒီပါတီ (၂) ခုက မွန်ပြည်နယ်ရဲ့ မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့က မဲဆန္ဒနယ် အနည်းငယ်မှာသာ ယှဉ်ပြိုင်ကြမှာပါ။ တတိယ အင်အားအကြီးဆုံး ပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဖြစ်ပါတယ်။
“တနိုင်ငံလုံးမှာတော့ ကြံ့ဖွံ့ပါတီ အနိုင်ရမှာပါ။ ဒါပေမဲ့ မွန်ပြည်နယ်မှာတော့ ကျနော်တို့ပါတီ အနိုင်ရမှာပါ၊ ကြံ့ဖွံ့ ပါတီမှာ အခွင့်အရေးတွေ အများကြီးရှိတယ်။ တရားမျှတမှု မရှိဘူး ဆိုတာလည်း ကျနော်တို့သိတယ်။ ဒါပေမဲ့ ကျနော်တို့ မမှုဘူး” လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောတယ်။
မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီတွေထဲမှာ ရွေးကောက်ပွဲ ဝင်တာနဲ့ ပတ်သက်လို့ ဖိအားပေး ဝေဖန် အခံရဆုံးပါတီကတော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဖြစ်ပါတယ်။ မွန်ပါတီတွေထဲမှာ ရွေးကောက်ပွဲ မဝင်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မွန်အမျိုးသား ဒီမိုကရေစီ ပါတီက (၂၀၀၈) ဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ မရှိဘူးလို့ ထောက်ပြပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဖိအားပေးခဲ့ကြပါတယ်။
ပြည်ပရောက် မွန်လူမျိုးတွေကတော့ လက်ရှိ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ စစ်အစိုးရအဆက်ဆက်က ဝန်ထမ်းဘဝနဲ့ ရပ်တည်ခဲ့တဲ့ လူတွေက ဦးဆောင်နေတယ်။ ဝန်ထမ်းဘဝက ဦးညိတ်တတ်သည့် အကျင့်တွေ ရှိနေတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ ရွေးချယ်ခံရတဲ့တိုင် စစ်တပ်ကိုယ်စားလှယ်တွေ ပြောတဲ့အတိုင်း ဆက်လက်ခေါင်းညိတ်နေမှာ ဖြစ်ပြီး မွန်ပြည်သူတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ဝေဖန်ကြပါတယ်။
ဒီလိုဝေဖန်တာနဲ့ ပတ်သက်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ဝေဖန်ချက်သာ ဖြစ်ပြီး ဝမ်းနည်းမိကြောင်း အငြိမ်းစား အထက်မြန်မာပြည် အခြေခံပညာရေးဌာန ညွှန်ကြားရေးမှူး နိုင်ငွေသိန်းက ယခုလို ပြောပါတယ်။
“ကျနော်တို့က နိုင်ငံရေးလုပ်ပြီဆိုတော့ ဒီလောက် ဝေဖန်တာကို ခံနိုင်ရည် ရှိရမှာပေါ့၊ ဒါပေမယ့် မစဉ်းစား မဆင်ခြင်ပဲ ဝေဖန်တာက ရက်စက်လွန်းပါတယ်၊ ကျနော်သာ စစ်အစိုးရအလိုကျ ခေါင်းညိတ်နေခဲ့မယ်ဆိုရင် ဒီလိုအဆင့်အတန်းနဲ့ နေပြီး ဒီလိုအလုပ်ကို လုပ်မှာ မဟုတ်ဘူး”
ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ ကတော့ ကရင်လူထုကြားမှာ ဒီလိုဝေဖန်ခံရတာ မရှိဘူးလို့ ကရင်ပြည်သူတွေက ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း အဓိက ပြိုင်ဘက် ပါတီများမှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီနှင့် မွန်ပါတီတို့ ဖြစ်ကြပြီး ကြံ့ဖွံပါတီ နှင့် မွန်ပါတီတွေက နိုင်ခြေအများဆုံး ဖြစ်နိုင်တယ်လို့ လေ့လာသူတို့က ဆိုပါတယ်။
ကြံ့ဖွံ့ပါတီတွင် အစိုးရ၏ နောက်ခံရှိပြီး အခြားပါတီများထက် အဖက်ဖက်မှ အသာစီး ရကြောင်း၊ ရေးတွင်းတူး၊ လမ်းခင်း၊ ကျောင်းဆောက်၊ ဖုန်းလိုင်းများ ချပေးခြင်းဖြင့် စည်းရုံးရေး ဆင်းနိုင်ကြောင်း၊ တစညပါတီမှာ ၎င်းတို့လောက် အင်အားမတောင့်တင်းသော်လည်း ကျန်ပါတီများထက် အားသာကြောင်း၊ သို့သော်လည်း ထိုပါတီများကို လူကြိုက်မများကြောင်း၊ မွန်ပါတီမှာ ငွေအင်အား မတောင့်တင်းသော်လည်း လူမျိုးကိုအခြေခံသည့် ပါတီ ဖြစ်သည့်အလျောက် မွန်ပြည်နယ်အတွင်း ထင်ရှားကြောင်း၊ ကျန်ပါတီများမှာ အထက်ပါ ပါတီများလောက် အင်အားမရှိကြောင်း မော်လမြိုင်မြို့မှ နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ရွေးကောက်ပွဲက ဆန္ဒမဲတွေကို ထည့်မယ့် မဲပုံးတွေကို နိုင်ဝင်ဘာလ (၇) ရက်နေ့ ကတည်းက တိုင်းနဲ့ ပြည်နယ် အသီးသီးတွေကို ရွေးကောက်ပွဲ ကော်မရှင်က ပို့နေပါပြီ။ နောက် (၂) လတာ ဖြစ်တဲ့ နိုင်ဝင်ဘာလ (၇) နေ့မှာဆို မွန်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ ရွေးကောက်ပွဲကို ကျင်းပကြတော့မှာပါ။
(၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အားနည်းချက်ကြောင့် (၁၉၉၀) ရွေးကောက်ပွဲက အနိုင်ရခဲ့တဲ့ ပါတီ အများစုက (၂၀၁၀) ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကတော့ ဒီရွေးကောက်ပွဲဟာ စစ်ဘက် အုပ်ချုပ်ရေးကနေ အရပ်ဘက် အုပ်ချုပ်ရေးကို ကူးပြောင်းရာမှာ လှေခါးထစ်တခု ဖြစ်တယ်လို့ ယူဆပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ ရှိတဲ့ ပြည်သူအများစုကတော့ ရွေးကောက်ပွဲကို သိပ်စိတ်ဝင်စားပုံ မရကြပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်မှာလည်း မဟုတ်ပါဘူး၊ သူလိုငါလို မဲရုံကို သွားပြီး မဲထည့်ကြမှာပါ။ ဒီအထဲမှာ ကိုမွန်ချမ်းလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
“ကျနော်က အစိုးရ အခံရှိတဲ့ ကြံ့ဖွံ့ပါတီကိုလည်း မကြိုက်ဘူး၊ တစညပါတီကိုလည်း မကြိုက်ဘူး” လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ အနှစ် (၂၀) က မဲပေးခွင့် မရခဲ့တဲ့ ကိုမွန်ချမ်းက ဒီရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဆုံးဖြတ်ထားပါပြီ၊ ဒါပေမဲ့ နိုင်ငံရေးကို သူက နားမလည်ပါဘူး၊ စိတ်လည်း မဝင်စားပါဘူး။ သူလိုအပ်တာက အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ဖို့ပါပဲ။
ကြံ့ဖွံ့ပါတီ၊ တစညပါတီကို မကြိုက်တဲ့ ကိုမွန်ချမ်းက ကြံ့ဖွံ့ပါတီ၊ တစညပါတီနဲ့ မွန်ပါတီ သုံးပါတီသာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရေးမြို့နယ်မှာ မဲထည့်ရမယ့်ဆိုတော့ သူရွေးမယ့် ပါတီက မွန်ပါတီမှတပါး အခြားမရှိပြီ။