Thursday, April 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ် ဗဟိုကော်မတီ ရာထူးများ အစားထိုး ခန့်အပ်

    မွန်ပြည်သစ် ဗဟိုကော်မတီ ရာထူးများ အစားထိုး ခန့်အပ်

    -

    မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီ ညီလာခံ

    ရိုင်မရော့ – လစ်လပ်နေသည့် တွဲဖက်အထွေထွေ အတွင်းရေးမှူးရာထူးကို မွန်ပြည်သစ်ပါတီ၏ ခြောက်လပတ် ဗဟိုကော်မတီ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ဦးအစားထိုး ခန့်အပ်ခဲ့ကြောင်း သိရသည်။

    “ကျနော်တို့ ခြောက်လပတ် အစည်းအဝေးမှာ မကြာခင်က အနားယူသွားတဲ့ ဗဟိုကော်မတီနေရာမှာ လူသစ် ပြန်ခန့်တယ်” ဟု ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    ပါတီမှ အနားယူခဲ့သည့် နိုင်ချမ်းတွဲ့၏ လစ်ဟင်းနေသည့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ရာထူးကို ပြည်ပရေးရာဌာန တာဝန်ခံ နိုင်အောင်မင်းအား အစားထိုး ခန့်အပ်ခဲ့ပြီး ပြည်ပရေးရာဌာန တာဝန်ခံ အဖြစ် ဗဟိုအလုပ်အမှုဆောင် နိုင်တလညီကို ပြောင်းလဲ ခန့်အပ်ခဲ့သည်။ သို့သော်လည်း ယုတ်လျော့နေသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အရေအတွက်ကို ထပ်မံ ဖြည့်ဆည်းခြင်း မရှိကြောင်း သိရသည်။

    အစည်းအဝေးကို ရေးချောင်းဖျားဒေသရှိ ပါတီဗဟိုဌာနချုပ်တွင်  စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့ထိ (၃) ရက်တိုင်တိုင် ကျင်းပခဲ့သည်။

    ၄င်းပြင် ပါတီ၏ ခြောက်လအတွင်း လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် စစ်အစိုးရမှ ဖိအားပေးထားသည့် လက်နက်စွန့်လွှတ်ရေး၊ နယ်ခြားစောင့်တပ် အရေး အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းများကိုလည်း ဆွေးနွေးခဲ့သည်။

    မွန်ပြည်သစ်ပါတီအနေနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်ဆီးမည် မဟုတ်ကြောင်း၊ သို့သော်လည်း စစ်အစိုးရမှ ပါတီနယ်မြေအတွင်းသို့ တပ်စွဲလာခြင်း၊ ပါတီအား တစုံတရာ ထပ်မံ ဖိအားပေးလာခြင်း ပြုပါက ပါတီအနေနှင့် ပြန်လည်ခုခံတုန့်ပြန်သွားမည် ဖြစ်ကြောင်း အထက်ပါ ဗဟိုကော်မတီဝင်က ပြောသည်။

    စစ်အစိုးရမှ နောက်ဆုံးဖိအားပေးခဲ့သည့် လက်နက်စွန့်လွှတ်ရေးကို လက်ခံနိုင်မည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီက စက်တင်ဘာလ (၁) ရက်နေ့တွင် အကြောင်းပြန်ထားပြီး နှစ်ဖက်အကြား တင်းမာမှုများ ရှိနေသည်။

    အလားတူ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA)၊ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့ကလည်း လက်နက် စွန့်လွှတ်ရေးကို လက်မခံကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (၉) ဦး၊ ဗဟိုကော်မတီ (၂၇) ဦး နှင့် အရန်ဗဟိုကော်မတီ (၅) ဦး ခန့်အပ်မြဲ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ ထပ်မံ ဖြည့်ဆည်းခြင်း မရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (၈) ဦးသာ ကျန်ရှိသည်။ လာမည့် အဌမအကြိမ် ပါတီညီလာခံတွင် ထပ်မံ ဖြည့်ဆည်းမည် ဖြစ်ကြောင်း သိရသည်။ ဗဟိုကော်မတီ (၅) ဦး ယခုနှစ်အတွင်း ပါတီမှ အနားယူသွားကြသဖြင့် အရန်ဗဟိုကော်မတီများမှာ အလိုအလျောက် ဗဟိုကော်မတီများ ဖြစ်လာကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks