Homeသတင်းကိုယ်ပိုင်အခွင့်အရေးအတွက် အိမ်ဖော်အလုပ်သမများ မျှော်လင့်

ကိုယ်ပိုင်အခွင့်အရေးအတွက် အိမ်ဖော်အလုပ်သမများ မျှော်လင့်

-

ကျလွန်းထော – ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် အိမ်ဖော်အလုပ်သမများ ၄င်းတို့၏ ရပိုင်ခွင့်များ ရရှိရန် မျှော်လင့်စောင့်စားနေကြသည်ဟု သိရသည်။

“ကျမတို့အတွက် အဲဒီလို အခွင့်အရေးရှိတာ သိတောင်မသိဘူး၊ အိမ်မှာပဲ တစ်နေကုန် လုပ်နေရတယ်၊ အခု ခံစားခွင့်တွေ ရမယ်ဆိုရင် အရမ်းကောင်းတာပေါ့” ဟု ဘန်ကောက်မြို့ရှိ အိမ်ဖော်အလုပ်သမ မသွယ်က ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံရပ်ခြားနှင့် ထိုင်းနိုင်ငံသား အိမ်တွင်းအလုပ်သမများအတွက် ကိုယ်ပိုင်အခွင့်အရေးများစာချုပ် အတည်ပြုနိုင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့က ကြိုးပမ်းနေသည်ဟု သိရသည်။

လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျရောက်မည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန နှစ်ပတ်လည်နေ့တွင် အိမ်ဖေါ်အလုပ်သမများ အခွင့်အရေး စာချုပ်မူကြမ်းကို တင်ပြနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး၏ အကြံပေးအရာရှိ (Pongsak Plengsaeng) က ပြောသည်ကို ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာ (Bangkok post) က ကိုးကားဖေါ်ပြထားသည်။

အိမ်ဖော်အလုပ်သမားများအတွက် စာချုပ်မူကြမ်းတွင် အနိမ့်ဆုံးလစာ၊ ခွင့်ရက်၊ ကျန်းမာရေး ကုသခွင့်၊ ပညာရေးနှင့် အခြားသော အခွင့်အရေး လိုအပ်ချက်များ ပါရှိသည်ဟု သိရသည်။

များသောအားဖြင့် ထိုင်းနိုင်ငံရှိ အိမ်ဖော်အလုပ်သမများသည် အိမ်တွင်း၌သာ အချိန်ပြည့် လုပ်ကိုင်နေကြရပြီး အိမ်ရှင်များ၏ ညှည်းပန်းနှိပ်စက်ခြင်းများလည်း ခံနေရသည်ဟု ဘန်ကောက်မြို့မှ အိမ်ဖော်အလုပ်သမ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

“မနက် ၅ နာရီကနေ့ ည ၈ နာရီအထိ အိမ်အလုပ် လုပ်ရတယ်၊ အိမ်ရှင်ရဲ့ ခလေးက ကြီးလာလို့ သက်သာသွားတယ်၊ ဟိုတုန်းကဆိုရင် ညညလည်း ခလေးအတွက် ထလုပ်ပေးရတယ်၊ ကျမရဲ့ အိမ်ရှင်သူဌေးက အစိုးရဝန်ထမ်းဆိုတော့ ကျမကို အဓမ္မခိုင်းတာတော့ မရှိဘူး၊ ကျမ ကံကောင်းတယ်လို့ ဆိုရမှာပေါ့နော်၊ ဒါပေမယ့် အချို့အိမ်ရှင်ဆိုရင် အိမ်ဖော်တွေကို ညှည်းပန်းနှိပ်စက်တာတို့၊ အပြင်မထွက်ခိုင်းတာတို့၊ အတင်းအဓမ္မ ခိုင်းတာတို့က အများကြီးပဲ၊ ကျမသူငယ်ချင်းတွေ သူတို့ အဲဒီလို ခံနေရတယ်” ဟု သူမက ပြောသည်။

အိမ်ရှင်၏ ရိုက်နှက်မှုဒဏ်၊ လစာအနည်းငယ်သာ ပေးပြီး မရပ်မနား စေခိုင်းခြင်း အပြင်ထွက်ခွင့် မပေးခြင်းကြောင့် အိမ်ဖော်အလုပ်သမများမှာ ကြာကြာမနေနိုင်ဘဲ ၄င်းအိမ်မှ ထွက်ခွာသွားရသည်အထိ ဖြစ်ခဲ့ရကြောင်း ကိုယ်တိုင်ခံစားရသည့် အိမ်ဖော်အလုပ်သမ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“လခက တစ်လ ၃၀၀၀ ဘတ် ပေးတယ်၊ ခိုင်းတာတော့ ပက်ပက်စက်စက်ပါပဲ၊ အလုပ်လုပ်တာ မှားရင်လည်း ရိုက်ခံထိသေးတယ်၊ နားချိန်လည်း မပေးဘူး၊ အဲဒီဒဏ်ကို မခံနိုင်လို့ ကျမမိတ်ဆွေက အိမ်ကနေ ထွက်ပြေးလာခဲ့တာပါ” ဟု သူမက ပြောသည်။

အိမ်ဖော်အလုပ်သမားများအတွက် အခွင့်ရေးများကို ထိုင်းနိုင်ငံရှိ အလုပ်သမားအတွက် အကျိုးဆောင်နေသည့် NGOs အဖွဲ့များက ထိုင်းအလုပ်သမားဝန်ကြီးထံ တင်ပြပေးနေသော်လည်း အောင်မြင်မှု မရရှိသေးပေ။

အကြောင်းမှာ စက်ရုံအတွင်းရှိ အလုပ်သမားများ၏ အခွင့်အရေးနှင့် အိမ်ဖေါ်အလုပ်သမား အခွင့်အရေး မတူညီသောကြောင့် နှောင့်နှေးနေရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ အလုပ်သမား ရပိုင်ခွင့် တိုးတက်ရေးကွန်ယက် (Labour Right Promotion Networks) မှ တာဝန်ခံ နိုင်ဆုရ က ပြောသည်။

“စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေက တစ်နေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ထားတယ်၊ အဲဒီထက် ပိုသွားရင် အချိန်ပိုငွေ ရတယ်၊ ဒါပေမယ့် အိမ်မှာ အလုပ်လုပ်နေတဲ့ Domestic workers တွေကျတော့ သတ်မှတ်ထားတာ မရှိဘူး၊ သူတို့က အလုပ်လုပ်ရင်းနဲ့ နားလို့ရတယ်၊ စက်ရုံအလုပ်သမားတွေနဲ့ မတူဘူး၊ အဲဒီမတူညီမှုတွေကြောင့် သူတို့အတွက် ဥပဒေ ရေးဆွဲတာ ကြန့်ကြာနေရတာပါ” ဟု သူက ပြောသည်။

(Kasikorn Research Centre) ၏ ၂၀၀၇ ခုနှစ် အိမ်ဖော်အလုပ်သမားများ စာရင်း ကောက်နုတ်ချက်အရ ထိုင်းနိုင်ငံအတွင်း အိမ်ဖော်အလုပ်သမားပေါင်း ၄ သိန်းခန့် ရှိပြီး ၄င်းတွင် ထိုင်းနိုင်ငံသား အိမ်ဖော်အလုပ်သမားပေါင်း ၂ သိန်း ၂ သောင်း ၅ ထောင်ကျော်နှင့် နိုင်ငံရပ်ခြားမှ လာသော အလုပ်သမားပေါင်း ၁ သိန်း ၅ သောင်းကျော် ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts