Homeသတင်းမွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင်သုံးဦး မြန်မာစစ်တပ်က ပေါ်တာဖမ်း

မွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင်သုံးဦး မြန်မာစစ်တပ်က ပေါ်တာဖမ်း

-

ပေါ်တာအဖြစ်အဖမ်းခံရသည့် ရွာသားများအတူ စစ်အစိုးရတပ်များ ချီတက်နေစဉ်

ဂျူရီချိုင်း။  ။ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသအတွင်း စစ်ရေးလှုပ်ရှားနေသော ကမ်းရိုးတန်းစစ်ဌာနချုပ်မှ စစ်တပ်တို့က မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်တို့အား ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဘုရားသုံးဆူမြို့အနီး၊ ချောင်းဆုံကျေးရွာ၌ ခေတ္တအခြေချထားသော ခမရ တပ်ရင်း ၄၀၉ မှ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး ကျော်စိုးလွင်ဦးစီးစစ်ကြောင်းသည် မွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင် သုံးဦးအား ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၇နာရီခန့်တွင် ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ပါတီအရန်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောကြားသည်။

“ဇူလိုင် ၁၂ ရက်နေ့ မနက်ကတည်းကခေါ်သွားတာ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူး လိုက်စုံစမ်းနေတုန်းပဲ” ဟု ၄င်းကပြောသည်။

ပေါ်တာအဖြစ်အဖမ်းခံလိုက်ရသူများမှာ စောသဗျုရွာမှ ချမ်းလွန်၊ အကျောက်ကရက်နှင့် ရီအောင်တို့ဖြစ်ကြသည်။

အဆိုပါ ထိုလူသုံးဦးမှာ ချောင်းဆုံကျေးရွာအနီးရှိ မပရံကျေးရွာမြောက်ဘက်ခြမ်းတွင် ခြံအလုပ် ဆင်းလုပ်နေချိန် မြန်မာစစ်တပ်မှရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သက်ဆိုင်သူမိသားစုဝင်များက ပြောသည်။

အဖမ်းခံရသူတို့သည် အသက် ၂၀ နှင့် ၃၀ နှစ်အကြားရှိ အိမ်ထောင်ရှိသူများဖြစ်ပြီး မွန်လူမျိုးနှစ်ဦးနှင့် ထားဝယ်လူမျိုးတစ်ဦးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်သစ်အရာရှိတစ်ဦးက “အခု သက်ဆိုင်တဲ့မွန်ပြည်သစ်ပါတီရုံးတွေ ဂိတ်တွေဆီမှာ  လိုက်အကြောင်းကြားထားတယ်” ဟု သူက ပြောသည်။

အဆိုပါမွန်ပြည်သစ် အရန်တပ်ဖွဲ့ဝင်သုံးဦး ပေါ်တာအဖြစ် အဖမ်းခံလိုက်ရသည့်ကိစ္စကို ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးတို့က ခလရ ၃၂ တပ်ရင်းမှူးထံ အကြောင်းကြားထားပြီဖြစ်ကြောင်း ၄င်းတို့က လိုက်လံဖြေရှင်းပေးမည်ဖြစ်ကြောင်း ဆက်ဆံရေးရုံးမှာ တာဝန်ကျနေသူတစ်ဦးက ပြောသည်။

အနန်းကွင်းမှ ဘုရားသုံးဆူနယ်စပ်သို့ ရောက်ရှိလာနေသော ရတခ ဗျူဟာမှူး (၂) ဗိုလ်မှူးကြီးမောင်မောင် လုံခြုံရေးအတွက် အဆိုပါ ခမရ ၄၀၉ စစ်ကြောင်း ရုတ်တရက်စစ်ကြောင်းချီတက်စဉ် အခြားဒေသတွေမှာလည်း ပေါ်တာဖမ်းဆီးမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူတို့၏ ပြောကြားချက်အရ သိရသည်။

ဘုရားသုံးဆူဒေသအတွင်း မွန်ပြည်သစ်ပါတီ အရန်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်မှ ပေါ်တာဖမ်းဆီးခြင်းမှာ ယခုအခါ ပထမဆုံးအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts