Thursday, March 19, 2026
More
    spot_img
    Homeသတင်းတက္ကသိုလ်ကျောင်းဝင်းအတွင်း အပြင်လူ ဝင်ခွင့်မရှိ

    တက္ကသိုလ်ကျောင်းဝင်းအတွင်း အပြင်လူ ဝင်ခွင့်မရှိ

    -

    ဇန်နဝါရီလဆန်းက မြင်တွေ့ရသည့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သည့် ဆေးမှုတ် လှုပ်ရှားမှု (မော်လမြိုင်-ရေး အဝေးပြေး ကားလမ်းမကြီး)

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ။   ။ ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန် ဇွန်လမှ စ၍ မော်လမြိုင်တက္ကသိုလ်အတွင်းသို့ ကျောင်းသားကဒ် ချိတ်ဆွဲထားခြင်း မရှိသူများအား ကျောင်းဝင်းအတွင်းသို့ ဝင်ခွင့် မပြုတော့ကြောင်း ကျောင်းသူ ကျောင်းသားများက ပြောသည်။

    တက္ကသိုလ်အတွင်း မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှု မကြာခဏ ဖြစ်ပွားခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆရာ ဆရာမများက ပြောကြသော်လည်း၊ (၂၀၁၀) ရွေးကောက်ပွဲ ဆန့်ကျင်သည့် လှုပ်ရှားမှုမှ တားဆီးရန်အတွက် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ကျောင်းသူကျောင်းသားများက ဆိုသည်။

    “ဆိုင်ကယ် ပျောက်တာ အခုမှ မဟုတ်ဘူး၊ မနှစ်ကတည်းက ဖြစ်တာ၊ ဆိုင်ကယ် ပျောက်လို့ ဒီလိုလုပ်ရင် မနှစ်ကတည်းက လုပ်ရမှာပေါ့၊ ဘာပဲပြောပြော ဒါဟာ ဒီနှစ်ရွေးကောက်ပွဲနဲ့ သက်ဆိုင်တယ်လို့ပဲ ကျနော်တို့ မြင်တယ်” ဟု ဓာတုဗေဒ အထူးပြု နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ပြောသည်။

    ကျောင်းသားကဒ် မဆွဲထားပါက စာသင်ခန်းအတွင်းတွင်လည်း ကထိကများ၏ အဆူအပူ ခံရပြီး ဒဏ်ငွေ (၅၀၀) ကျပ်ကိုလည်း ပေးဆောင်ရကြောင်း ၎င်းက ပြောသည်။

    ကျောင်းဝင်းအတွင်းသာမက တက္ကသိုလ် ဝန်းကျင်ရှိ အဆောင်များတွင်လည်း ယခင်နှစ်ထက် စည်းကမ်း တင်းကျပ်ကြောင်း အဆောင်နေသူများက ပြောသည်။

    ယခင်နှစ်များတွင် အဆောင်နေသူများ “အဆောင်မှ သတ်မှတ်သည့် စည်းကမ်းအတိုင်း နေထိုင်ပါမည်” ဟု ခံဝန်ကတိ (၃) စောင်၌ လက်မှတ်ရေးထိုးရသော်လည်း ယခုနှစ်တွင် (၇) စောင် ရေးထိုးရသည်။ အဆောင်ပိုင်ရှင်များလည်း မိမိအဆောင် နေသူများကို တာဝန်ယူပါမည်ဟု ခံဝန်လက်မှတ် ရေးထိုးကြရသည်။

    ယခင် ခံဝန်ကတိ (၃) စောင်အား အဆောင်ပိုင်ရှင်များက မရက၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နှင့် ရဲစခန်းသို့ ပို့ပေးရပြီး၊ ယခုအခါ စရဖ၊ အထူးရဲတပ်ဖွဲ့ နှင့် အခြားအရေးကြီးသည့် ဌာန စသည်သို့လည်း ပို့ပေးရသည်။

    ယခုနှစ် ဇန်နဝါရီလဆန်းတွင်လည်း ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆေးမှုတ် လှုပ်ရှားမှုတစ်ခု မွန်ပြည်နယ် မော်လမြိုင်-ရေးသို့ သွားသော အဝေးကားလမ်းမကြီးတလျောက်တွင် ပြုလုပ်ခဲ့ကြသည်။

    စစ်အစိုးရမှ ကျင်းပြပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ပြည်ထောင်စု အမျိုးသားကောင်စီ – မြန်မာနိုင်ငံ (NCUM) မှ ပြတ်ပြတ်သားသား ကန့်ကွက်ဆန့်ကျင်ပြီး ၄င်းရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင်သည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပြည်သူများ ပါ၀င်ရန် ယခုနှစ်မတ်လ ၁၈ ရက်နေ့က တိုက်တွန်း နှိုးးဆော်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks