Homeသတင်းမဲကော်မရှင်များကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

မဲကော်မရှင်များကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေး

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

မြန်မာစစ်အစိုးရတို့မှ ကြီးမှုးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည့် မဲကော်မရှင်များကို ယခုလအတွင်း ကော်မရှင်သင်တန်းပို့ချပေးနေသည်။

ပြီးခဲ့သည့် ဧပြီလမှစပြီး၊ သက်ဆိုင်ရာမြို့နယ်မယကတို့မှ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ တရွာလျှင် မဲကော်မရှင် ၆ ဦးနှင့် အရန်ကော်မရှင် ၆ ဦး စုစုပေါင်း ၁၂ ဦးတို့ကို ရွေးချယ်ထားပြီးဖြစ်သည်။

ထိုရွေးချယ်ထားသော မဲကော်မရှင် ၁၂ ဦးတို့ကို ယခုလပထမပတ်မှစပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်တို့မှ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချပေးနေသည်။

“ရွာတိုင်းက ရွေးချယ်ထားတဲ့ မဲကော်မရှင်တွေ သွားတက်ရတယ်၊ အဲဒီအတွက် ဥက္ကဌကတဆင့် ကုန်ကျစရိတ်တွေ ထုတ်ပေးရမယ်၊ မြို့နယ်မယကရုံးမှာပေါ့ နေ့တိုင်းသွားရမယ် ဘယ်နှရက်လောက်တော့ မသိပါဘူး” ဟု ကော်မရှင်သင်တန်းသို့ တက်ရောက်ရမည့် မဲကော်မရှင်တစ်ဦးက ပြောသည်။

ထိုသင်တန်းမှာ ယခုနှစ်အတွင်းကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာတွေကို ရှင်းလင်းပေးပြီး၊ ရွေးကောက်ပွဲကျင်းပသည့်အချိန်မှာလည်း မဲထည့်မည့် ဒေသခံတွေကို မည်သို့ မည်ပုံစောင့်ကြည့်ရမည် အစရှိသည်တို့ကို သင်ကြားပို့ချပေးမည်ဟု ၄င်းမဲကော်မရှင်က ပြောသည်။

မြို့နယ် တစ်မြိုနယ်မှာ ရွေးချယ်ထားသည့် မဲကော်မရှင် အရေအတွက် ရာဂဏန်းရှိကာ မုဒုံမြို့နယ်အတွင်းမှာတောင် မဲကော်မရှင် နှစ်ရာကျော် သုံးရာနီးပါးရှိကြောင်း ၄င်းက ပြောသည်။

“မြို့နယ်ပေါ်မှာ မူတည်တယ် တရွာ ၁၂ ယောက်၊ မြို့ပေါ်မှာဆို တရပ်ကွက် ၁၂ ယောက်ဆိုရင် အများကြီးပဲလေ တမြို့နယ်ဆို အဲဒါတွေကို ကိုယ့်မြို့နယ်နဲ့ကိုယ်ပေါ့ သင်တန်းက မုဒုံမြို့နယ်ဆို မုဒုံမှာတက် သံဖြူဇရပ်မြို့နယ်ဆို သံဖြူဇရပ်မှာတက်ရတယ် အဲလိုပေါ့” ဟု မုဒုံမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

မြန်မာစစ်အစိုးရတို့မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဝင်ရန်အတွက် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပေးခြင်း မှတ်ပုံတင်ချပေးခြင်း၊ ယခုလို ရွေးကောက်ပွဲအတွက် မဲကော်မရှင်တွေကို သင်တန်းပို့ချပေးခြင်း အစရှိသည့် ရွေးကောက်ပွဲဆိုင်များကိုသာ လုပ်ဆောင်မှုရှိနေသော်လည်း ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်အတိကျကိုသာ ယနေ့ထိ ထုတ်ဖော်ကြေငြာခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts