နိုင်ပီထောမွန်ဇြာ
နယ်ခြားစောင့်တပ်ဟု အမည်ပေး ကင်ပွန်းတပ်ပြီး တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များအား ချေမှုန်းမည့် မြန်မာစစ်အာဏာရှင်တို့၏ နည်းဗျူဟာများကို ကျနော်သိပြီးနောက် ကျနော်ငယ်စဉ်က ကြားဘူးခဲ့သည့် တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရမိသည်။ ထိုစဉ်က ကျနော်အသက်ဆယ်နှစ်မပြည့်သေး။ လွန် ခဲ့သည့် အနှစ်သုံးဆယ်ခန့်က ဖြစ်သည်။
ကျနော်တို့ မွန်ကျေးလက်ဓလေ့ထုံးစံအရ ဘုန်းကြီးကျောင်းတွေမှာ ဘုံကထိန်ပွဲ ကျင်းပတဲ့အခါ တူရိယာမျိုးစုံ နဲ့ မြေပြင်ပေါ်မှာ ဖျာခင်းပြီး အကမင်းသမီးတစ်ယောက်က မြေဝိုင်းအက ကလေ့ရှိသည်။ ကလေးလူကြီးများက ဝိုင်းပြီး ဒူးထောက်ထိုင်ကြည့်သူများရှိသလို မတ်တပ်ရပ်ပြီး ကြည့်နေသူများလည်းရှိသည်။ သူတို့ သီဆိုသည့် သီချင်းအတော်များများမှာ ဇာတ်နိပါတ်တော်က လာသည့်အကြောင်းများသာ ဖြစ်သည်။
မိကျောင်း၊ တယောနှင့် တခြားသောတူရိယာများ၏ အသံကြားမှ မင်းသမီးမိထား၏ သာယာသောအသံက ပရိတ်သတ်အပေါင်းကို ရင်သပ်ရှုမောအောင် ဆွဲဆောင်နိုင်လွန်းသည်။ ကျနော်လည်း အရှေ့တနေရာမှာ ဒူး ထောက်ပြီး ထိုင်ကြည့်နေသည်။ ကျနော့်ကို အလိုလိုက်တဲ့အနေနှင့် အဖေကလည်း ကျနော့်အနောက်မှာ မတ် တပ်ရပ်ပြီး ကြည့်နေသည်။
”သက္ကရာဇ် ၁၃၁၀ ခု တပေါင်း လဆန်း (၃) ရက်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျမတို့ရွာရဲ့ ဖြစ်ရပ်ဆိုးအကြောင်းကို ရေးစပ်ထားတဲ့ ဆရာကြီး မင်းတို့ (မာံတောအ်) ရဲ့ “ဗမယ်ကျောင်းကဝမ်း” သီချင်းကို ကျမဆိုပြမယ်” ဟု ကချေ သည်က ကြေငြာသည်။ (ဗမယ်ကျောင်း ကဝမ်းဆိုသည်မှာ ”ဗမာစစ်သားများ ရွာကို မီးရှို့သည်” ဟု အဓိပ္ပါယ်ရသည်။)
သူမရဲ့ လေယူလေသိမ်းနှင့် လက်ဟန် ခြေဟန်များက ကျနော့်စိတ်ကို အမှန်တကယ် ဆွဲဆောင်နိုင်ခဲ့သည်။ သေနတ်သံကြားမှ မီးဘယ်ကနေစပြီး ဘယ်လိုဆက်လောင်သွားပုံ၊ ရွာသူ ရွာသားများ ကြောက်လန့်တကြား ခြေဦးတည့်ရာ ထွက်ပြေးပုံ၊ ဘုရားကျောင်း ကန်များပါမကျန် မီးခခဲ့ရသည့်အကြောင်းကို သူမက ပိုင်ပိုင်နိုင်နိုင် သီဆိုနေပုံကို ပရိသတ်များက မျက်ရည်တဝဲဝဲနဲ့ နားထောင်နေကြသည်။ ထိုမျှမက ကျနော်နေထိုင်သည့် ရပ်ကွက်နာမည်ပါ သီချင်းစာသားထဲမှာ ပါနေသည့်အတွက် ကလေးပင်ဖြစ်သော်လည်း ကလေးအတွေးနှင့် ကျနော်မျက်ရည်ကျခဲ့ရသည်။ ထိုနေ့ကို ယနေ့တိုင် ကျနော်မမေ့နိုင်သေး။
သီချင်းသံဆုံးတော့ ကျနော်က အဖေ့မျက်နှာကို မော့ကြည့်မိသည်။ အဖေက မျက်နှာကို တဖက်သို့လွှဲ လိုက်ပြီး “ကျောင်းပေါ်တက်ကြစို့” ဟု ပြောသည်။ ကျနော်လည်း အဖေနဲ့အတူ ထိုင်ရာမှ ထလိုက်သည်။ “အဖေ ဗမာစစ်သားတွေက ဘာဖြစ်လို့ ဘုန်းကြီးကျောင်းကိုပါ မီးရှို့ရတာလဲ” ဟု မေးတော့ ”ဒါက ဗမာစစ်သားတွေရဲ့ အကျင့်ပဲ၊ အဲဒီအချိန်တုန်းက ဗမာစစ်သားတွေဟာ နောက်တန်းကနေ အမိန့်ပေးပြီး ကချင်စစ်သားတွေကို ရွာဘုရား ကျောင်းကန်အားလုံးကို မီးရှို့ဖို့ အမိန့်ပေးခဲ့တယ်” ဟု အဖေက ပြန်ဖြေသည်။ အဖေ့စကားကို ကြားတော့ ကျနော် ပိုပြီး စိတ်ဝင်စားလာခဲ့သည်။
ညနေပိုင်း အိမ်ပြန်ရောက်ချိန်မှာ စိတ်ထဲတွင် တအုံနွေးနွေး ဖြစ်နေသည့် မပြီးဆုံးသေးသည့်ဇာတ်လမ်းကို အဖေ့ကို ဆက်မေးမိသည်။ “အဲဒီတုန်းက အဖေဘာလုပ်နေတာလဲဟင်”၊ “အဲဒီအချိန်က အဖေတို့နိုင်ငံလွတ်လပ်ရေးရတာ သိပ်မကြာသေးဘူးလေ။ အဖေတို့ မွန်လူမျိုးတွေက စာပေနဲ့ယဉ်ကျေးမှု အခွင့်အရေးတွေရဖို့ အဖေတို့ စမွတ် (လူငယ်) တွေက မွန်တော်လှန်ရေးအတွက် လက်နက်အင်အား လူအင်အားတွေ စုဆောင်းပြီး စတင်တော်လှန်တဲ့နှစ်လည်း ဖြစ်တယ်။ အဲဒီတုန်းက အဖေဟာ လူပျိုပေါက်စ အရွယ်လောက်ပဲ ရှိသေးတယ်။ အဖေလည်း ရိုင်ဖယ်ကိုင်တဲ့ စမွတ်တစ်ယောက် ဖြစ်ခဲ့တယ်။ ဗမာစစ်သားတွေ ရွာဝင်ပြီး မီးရှို့နေတဲ့အချိန်မှာ ရွာသူရွာသားတွေကို ညှာတာတဲ့အနေနဲ့ အဖေတို့ စမွတ်တပ်တွေ နောက်ဆုတ်ပေးခဲ့ရတယ်” ဟု ပြောရင်း ဘုရားစင်ရှိသည့်နေရာကို သွားပြီး “ဒီဆင်းထုတော်က အဖေ မွန်တော်လှန်ရေးသမားဖြစ်တဲ့အချိန်မှာ ကျောင်းထိုင်ဆရာတော်တစ်ပါးက အဆောင်သဘောနဲ့ အဖေ့ကို ပေးခဲ့တယ်” ဟု သူ၏ အဖြစ်အပျက်ကို ရှင်းပြသည်။
ထိုအဖြစ်အပျက်တွေ အစပြုခဲ့တဲ့အချိန်က မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစအချိန် ဖြစ်သည်။ ဗမာ့တပ်မတော် အပြင် ကချင်တပ်အပါအဝင် တခြားတိုင်းရင်းသားတပ်မတော်များကို ဖျက်သိမ်းမရသေးသည့်အတွက် ထိုတပ်များကို ပြည်ထောင်စုတပ်ဟု အမည်ပေးပြီး လက်ခံထားခဲ့ရသည်။
မြန်မာပြည်အောက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မွန်၊ ရခိုင်နှင့် ကရင်တို့ကို ကိုယ်ပိုင်ပြည်နယ် မပေးဘဲ ပြည်မအတွင်းသို့ အတင်းထည့်သွင်းခဲ့သည်။ မွန်လူမျိုးများအတွက် လူမျိုးတမျိုး၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ရသင့်သည်ဟု မွန်လူထုအစည်းအဝေး၌ ဆုံးဖြတ်ချက်ချပြီး ပဆဖလ ဦးနုအစိုးရသို့ တင်းသွင်းသောအခါ ပယ်ဖျက်ခံခဲ့ရသည်။
ထိုကြောင့် မွန်လူမျိုးတို့သည် လက်နက်ကိုင်ပြီး အင်းအားပြရန်လို အပ်လာပြီဟုယူဆပြီး ၁၉၄၈ ခုနှစ် ဇူလိုင်လ၂၀ ရက်နေ့မှစ၍ မွန်လူငယ်များက လက်နက်ကိုင်လှုပ်ရှားမှု စတင်လာခဲ့သည်။ ထိုသတင်းကို ဖဆပလ အစိုးရက ကြားသိပြီး ဇူလိုင်လ ၂၈ ရက်နေ့၌ မွန်ခေါင်းဆောင်များဖြစ်ကြသော နိုင်ဘလွင် (နိုင်ရွှေကျင်) နှင့် နိုင်ငွေသိမ်းတို့ကို ဖမ်းဆီးလိုက်သည်။
နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ လက်နက်သာ အတင်းချခိုင်းနေသည့်အတွက် မွန်နှင့်ကရင်တို့ ပူးပေါင်းပြီး လက်နက်ကိုင်တိုက်ပွဲကို စတင်ဆင်နွှဲကာ မော်လမြိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် ဖဆပလအစိုးရသည် ကရင်လူမျိုးများအပြင် မွန်လူမျိုးများပါ လေးစားခြင်းခံရသူ စောဘဦးကြီးကို လွှတ်လာပြီး မော်လမြိုင်မြို့ကို ဖဆပလလက်သို့ လွှဲပေးရန်နှင့် စစ်ပိုင်းဆိုင်ရာ၌ ပြည်ထောင်စုတပ်မှ ကချင်တပ်ရင်း (၂) လက်ထဲသို့ အပ်ရန် တောင်းဆိုခိုင်းသည်။ တောင်းဆိုမှုကို ချွင်းချက်မရှိ လိုက်နာသဘောတူခဲ့သည်။ သီးခြားနိုင်ငံထူထောင်လို၍ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည်မဟုတ်ပဲ အမျိုးသားအင်အားပြရန်အတွက်သာ ဖြစ် သည့်အတွက် တောင်းဆိုမှုကို လွယ်လွယ်နှင့် သဘောတူခဲ့ကြသည်။
သဘောတူညီမှုရရှိပြီး ရက်အနည်းငယ်အတွင်း ကချင်တပ် မော်လမြိုင်သို့ရောက်ရှိလာသည်။ ကချင်တပ် မော်လမြိုင်မြို့သို့ရောက်ရှိပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ဖဆပလ အစိုးရက ကချင်တပ်ကို မွန်ရွာများသို့ စေလွှတ်ခဲ့သည်။ ဖဆပလအစိုးရက မွန်လူမျိုးအားလုံးသည် ပြည်ထောင်စုရန်သူဟု ဆိုုပြီး ကချင်တပ်များကို အမိန့်ပေး တွေ့သမျှလူကိုပစ်သတ် ရွာတွေကို မီးရှို့ ဘုရားကျောင်းပါမကျန် ပြာကျကုန်သည်။ မွန်တော်လှန်ရေးသမားများက နောက်ဆုတ်ပေးခဲ့ကြသည်။ သို့သော် ကချင်တပ်သားများလည်း အများအပြား ကျဆုံးခဲ့သည်။
နောင်ဆယ်နှစ်ကြာသော် ဗမာပြည်ထောင်စုအတွက် အသက်သွေးချွေးဖြင့် မွန်နှင့် ကရင်တို့ကို တိုက်ထုတ်ပေးခဲ့သော ကချင်တိုင်းရင်းသားများလည်း ပြည်ထောင်စုတပ်သားဘဝမှ မွန်နှင့် ကရင်တို့လိုပင် တော်လှန်ရေးသမားအဖြစ်သို့ ရောက်ရှိလာခဲ့ကြသည်။
ယခုအကြောင်းကို ပြောလျှင် အာဖရိကမြောက်ပိုင်း ပြင်သစ်ကိုလိုနီလက်အောက်ရှိ နိုင်ငံများအကြောင်းကို သတိရမိသည်။ သက္ကရာဇ် ၁၉၄၄ ခန့်က နာဇီဟစ်တလာတပ်ဖွဲ့များ ပြင်သစ်နိုင်ငံသို့ နီးကပ်လာသည့်အချိန်တွင် နာဇီတပ်ကို ခုခံနိုင်ရန် ပြင်သစ်များ အခက်တွေ့ကြရသည်။ ထိုကြောင့် ပြင်သစ်သည် မိမိ၏ကိုလိုနီလက်အောက်ခံ နိုင်ငံများသို့ သွားပြီး စစ်သားစုဆောင်းသောအခါ ဆင်းရဲသောအာရပ်များက စားဝတ်နေရေး ပြေလည်ရန်အတွက် မိမိ၏အမိနိုင်ငံကို ကာကွယ်ရမည့်အစား မိမိတို့ကို သွေးစုပ်ခြယ်လှယ်နေသော ပြင်သစ်နိုင်ငံကို ကာကွယ်ရန်အတွက် အသေခံတိုက်ပွဲဝင်ပေးခဲ့ရသည်။ ကချင် တပ်များ “မြန်မာပြည်ထောင်စုကို ကာကွယ်ရေး ဒို့အရေး” ဟု ကြွေးကြာ်သံဖြင့် မွန်နှင် ့ကရင်တို့ကို တိုက်ခိုက်ခဲ့သလို မြောက်အာဖရိကနိုင်ငံသားများလည်း အမိပြင်သစ်နိုင်ငံတော် ကာကွယ်ရေး ဒို့အရေးဟု ကြွေးကြော်သံဖြင့် နာဇီတို့ကို အသေခံတိုက်ပွဲဝင်ခဲ့ကြသည်။
အတိတ်သမိုင်းအဖြစ်အပျက်များသည် ကလဲ့စားချေရန်အတွက်မဟုတ်ဘဲ ပစ္စုပ္ပန်၌ သင်ခန်းစာယူရန်အတွက် ပညာရှင်များက ပြောလေ့ရှိသည်။ သင်ခန်းစာယူခြင်းထက် အတိတ်သည် ပစ္စုပ္ပန်၏ အစဆိုလျင် ကျနော်တို့အတိတ်၌ မှားခဲ့သည့် အမှားများကို နောက်ထပ် ပြန်မှားရန် အကြောင်းမရှိပါ။
တဖန် မဟာမိတ်တပ်ပေါင်းစု၌ ကျနော်တို့လူမျိုးကိုယ်စား ကျနော်တို့ခေါင်းဆောင်များ ရေထိုးထားသော သဘောတူညီချက်များကို သူတို့နှင့်အတူ သဘောတူညီခြင်းမပြုယခဲ့ပါက ယခုစစ်အစိုးရ၏ နည်းဗျူဟာကြောင့် ကျနော်တို့အချင်းချင်း နောက်ထပ်တဖန် ပဋိပက္ခဖြစ်ရန် အကြောင်းမရှိပါ။
ဒီအချိန်မှာလည်း တိုင်းရင်းသားတိုင်း နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို ့လိုပြီ။ နယ်ခြားစောင့်တပ်ကို လက်ခံလိုက်တာဟာ ကိုယ်တွင်းကို ကိုယ်တူးနေတာ နှင့် တူပါတယ်။ ဘယ်အဖွဲ ့အစည်းကမှ ငြိမ်းချမ်းရေးဆိုတာ ကြီးကို လက်မခံခဲ့ကြရင် အမျိုးသားညီလာခံတို ့၊ ရွေးကောက်ပွဲ ဆိုတာတို ့ကို ဒီမဟာဗမာတွေ စကားထဲ ထည့်ပြော၀့ံ မှာ မဟုတ်ဘူး။
ဆရာ.ဆောင်းပါးကိုဖတ်သွားပါတယ်ဆရာ။
သင်ခန်းစာလည်းယူမိပါတယ်။ကျနော်တို.တိုင်း၇င်းသာတွေကျောချင်းကပ်။ ရင်ချင်အပ်ပြီးတော်လှန်ရင်ဒီကောင်တွေကိုတော်လှန်နိုင်ပါတယ်။အဓိကကတော. ကချင်။ကရင်။ကရင်နီ။ရခိုင်
မွန်၊သျှမ်း။ချင်း။ပအို.၀်။ဓနု စတဲ.တိုင်း၇င်သားတွေညီညွတ်ကြရမယ်လို.ကျနော်ထင်မိပါတယ်။ဆရာ.စကားအတိုင်း
အတိတ်သမိုင်းဖြစ်ရပ်တွေကိုကလဲ.စားချေဖို.အတွက်မဟုတ်ဘဲပစ္စုပ္ပန်သင်ခန်းစာယူရန်လိုပါတယ်။
လေးစားပါတယ်ဆရာ။
ကျွန်တော် ကချင်လူငယ်တစ်ယောက် ပါ ဒီ ပိုဒ့်ကို ဖတ်သွားပါတယ် အရမ်းလည်း ၀မ်းနည်းမိသလို အရမ်းလည်း
သင်ခန်းစာ ရပါတယ် ကျွန်တော်တို့ကချင်တွေက လူတွေကိုယုံလွယ်ပြီး ကိုယ့်အကျိုးထက်သူများအကျိုးကို ပိုပြီး
အကျိုးရှိရှိ လုပ်ဆောင်ပေးတတ်တယ် ဒီအကျင့်တွေ ဟာမကောင်းဘူးလို့မဆ်ိုလိုပေမယ့် ဗမာတွေ အတွက်တော့
ကျွန်တော်တို့ကချင်တွေစိတ်ဓာတ်ဟာ လုံး၀မကောင်းဘူးပေါ့ တစ်ခြားတိုင်းရင်းသားတွေအတွက်ပဲ ကျွန်တော်တို့
စိတ် ကျွန်တော်တို့ ရိုးသားမှုကို ပေးသင့်တယ်ဆိ်ုတာ ကောင်းကောင်းနားလည်သွားပါပြီီ ကျွန်တော်တို့ KIA ကို
နောက်ထပ် သူတို့ဆိုတဲ့ ဗမာလူလိမ်တွေ ထပ်ပြီးလှည့်စားလို့ မရပါစေနဲ့လို့ပဲ ဆန္ခပြုခဲ့ပါတယ်…။
myanmar version could’nt be read due to the difference of font type.please post a box to download your font in order to read the Mon’s News in convenience way.Now,reading in English version will not satisfy totally to understand especially in political issues.
If you have Zawgyi-one you can read only font family miss , you can download at the top of the page see in figure