Homeသတင်းကချင်စစ်ပြေးဒုက္ခသည်များအကြပ်အတည်း အစီရင်ခံစာထုတ်ပြန်

ကချင်စစ်ပြေးဒုက္ခသည်များအကြပ်အတည်း အစီရင်ခံစာထုတ်ပြန်

-

မင်းနေလင်း – တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရောက်ရှိနေကြသော ကချင်စစ်ပြေးဒုက္ခသည်များ ရင်ဆိုင်နေရသည့် အခက်အခဲများကို ရေးသားထားသည် ့Isolated in Yunnan ( Kachin Refugees from Burma in China’s Yunnan Province) အမည်ရှိ စာမျက်နှာပေါင်း ၆၈ မျက်နှာ ပါရှိသည့်အစီရင်ခံစာ တစ်စောင်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်၌ ယမန်နေ့၊နံနက် ၁၀ နာရီခွဲ အချိန်တွင် ထုတ်ပြန်ခဲ့သည်။

အာရှတိုက်ရေးရာဌာနမှ လက်ထောက်ဒါရိုက်တာ Phill Robertson
ယူနန်ဒေသတွင် ရောက်ရှိနေကြသော ကချင်စစ်ပြေးဒုက္ခသည် တစ်သောင်းဝန်းကျင်ခန့်သည် အခက်အခဲ အကြပ်အတည်းများစွာ ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှတိုက်ရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ Phill Robertson က ပြောသည်။

“ယူနန်မှာ ရှိနေတဲ့ ကချင်စစ်ပြေး ဒုက္ခသည်တွေဟာ အခက်အခဲ အကြပ်အတည်း မျိုးစုံနဲ့ ကြုံတွေ့နေရ ပါတယ်။ နေရာထိုင်ခင်း အစားအသောက်နဲ့ ရေ အလုံအလောက် မရှိဘူး။ တခါ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်နေတယ်။ ပြီးတော့ တချို့ဒုက္ခသည်တွေကို တရုတ် အာဏာပိုင်တွေက သူတို့နိုင်ငံထဲကို ဝင်ခွင့်မပေးဘဲ စစ်ဖြစ်နေတဲ့ ဒေသထဲကို အတင်း ပြန်မောင်းထုတ်နေတာတွေ ရှိတယ်´ ဟု သူက ပြောသည်။

ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ့ တပ်မတော်တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွါးခဲ့သော စစ်ပွဲများကြောင့် ကချင်လူမျိုး ၁၇၀ဝ၀ ခန့်သည် ရွာပုန်းရွာရှောင်များအဖြစ် နိုင်ငံတွင်းတွင် ထွက်ပြေး တိမ်းရှောင်လျှက်ရှိကြောင်းလည်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့သည် ဤအစီရင်ခံစာကို ထုတ်ပြန်နိုင်ရန်အတွက် တွေ့ဆုံမေးမြန်းမှု တစ်ရာကျော်ကို ပြုလုပ်ခဲ့ကြောင်း ယင်းတို့အထဲမှ အချို့သော ကချင်ဒုက္ခသည်များ၏ ပြောဆိုချက်ကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အသက် ၃၁ နှစ် အရွယ်ရှိ ကချင်လူငယ်တဦး၏ ခံစားချက်တွင် “ဒီမှာ နေနေရတာကို လုံခြုံလှတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခု ကျနော်တို့ နေတဲ့နေရာက စစ်ဖြစ်နေတဲ့နေရာနဲ့ နီးလွန်းတယ်လေ။ စစ်ပွဲတွေက ဆက်ဖြစ်နေတော့ ကျနော်တို့ ကြောက်တယ် စိုးရိမ်တယ်။ တကယ်လို့ တရုတ်တွေက ကျနော်တို့ကို လက်မခံဘူးဆိုရင် ကျနော်တို့ ဘယ်ကိုသွားရမလဲ။ ဘယ်လို အသက်ရှင် ရမလဲ” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ အသက် ၅၁ နှစ်အရွယ်ရှိ ကချင်အမျိုးသမီးကြီးတဦး၏ ပြောပြချက်တွင်လည်း “ဒီကို စရောက်ရောက်ချင်းမှာတော့ ဘယ်မှာလာပြီး စားစရာ ရှိပါ့မလဲ။ အချင်းချင်းတွေကဘဲ ရှိတာလေးကို ပေးကမ်းပြီး စားကြရတာပေါ့။ စစ်ပွဲက ဒီလိုဘဲ ဆက်ရှည်နေမယ်ဆိုရင် ကျမတို့ အခက်အခဲတွေ ဒုက္ခတွေ ပိုပြီး တွေ့လာကြရမယ်။ ရွာကိုပစ်ပြီး ပြေးလာရတော့ စားစရာမရှိဘူး။ ဒီမှာ နေနေရတာလည်း ဘာမှအဆင်မပြေဘူး´ ဟု ဖော်ပြထားသည်။

ထို့အပြင် ကချင်ပြည်နယ် အခြေအနေများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကို ပြောပြခဲ့သူ ကချင်လူမျိုး ၂ဦးအား မြန်မာအစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာအစိုးရတို့ သဘောတူထားကြသော ၁၇ နှစ်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ပျက်ပြယ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts