Homeသတင်းစုစည်းရသမျှအပစ်ရပ်အဖွဲ့များနှင့်အတူ မွန်ပြည်သစ်ပါတီနိုင်ငံရေးဆွေးနွေးသွားမည်

စုစည်းရသမျှအပစ်ရပ်အဖွဲ့များနှင့်အတူ မွန်ပြည်သစ်ပါတီနိုင်ငံရေးဆွေးနွေးသွားမည်

-

ဂျူရီချိုင်း-မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရသဘောတူညီချက်တွင် ပါရှိသည့်အတိုင်း ဆက်လက်ကျင်းပမည့်နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရနှင့်အပစ်အခတ်ရပ်စဲခြင်းပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အတူ ဆောင်ရွက်သွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မြန်မာအစိုးရနှင့် မွန်ပြည်သစ်ပါတီသဘောတူညီချက်(Photo-IMNA)
မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက “တခြားအဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အပစ်ရပ်ဖို့လိုက်ဆွေးနွေးတာကို စောင့်နေလို့ရှိရင် ကြာဦးမယ်၊ ဒါကြောင့် အပစ်မရပ်သေးတဲ့အဖွဲ့တွေ မပါလည်း စုစည်းရသမျှတဲ့အဖွဲ့တွေနဲ့ ကျွန်တော်တို့အတူ နိုင်ငံရေးဆွေးနွေးသွားမယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည်် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး မဆွေးနွေးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကိုလည်း ကြားဝင်ညှိနှိုင်းဆွေးနွေးပေးရန် ဆန္ဒရှိသည်ဟု သူကဆိုသည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့က ပြည်ထောင်စုအစိုးရနှင့် မွန်ပြည်သစ်ပါတီ လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်များတွင် ၂၀၁၂ ဒီဇင်ဘာလကိုနောက်ဆုံးထား၍ အပစ်ခတ်ရပ်စဲထားသည့်အဖွဲ့များနှင့် မြန်မာအစိုးရတို့ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရန်သဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီက နိုင်ငံရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲထားသည့်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲခြင်းမပြုသေးသည့်အဖွဲ့များ အားလုံးပါဝင်ဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က အပစ်မရပ်သေးသည့်အဖွဲ့များအား လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်သစ်ပါတီက နိုင်ငံရေးဆွေးနွေးပွဲကိုပါ အမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုခဲ့ပြီး အပစ်ခတ်ရပ်စဲပြီး (၄၅) ရက်အတွင်းအစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသွားရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။

ဖေဖော်ဝါရီလ (၂၅) ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ် စဲခြင်းအတွက် အတည်ပြုသဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်ဇွန်လ (၂၉) ရက်နေ့၌ ပထမအကြိမ် စစ်အစိုးရနှင့်အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး၂၀၁၀ ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့တွင် အစိုးရ၏နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို လက်မခံနိုင်သည့်အတွက် ယခင်အပစ်ရပ်စဲမှုပျက်ပြယ်ခဲ့သည်။

ထို့နောက် ညီညွတ်သောတိုင်းရင်းသားများဖယ်ဒရယ်ကောင်စီ UNFC ကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းခဲ့ရာ မွန်ပြည်သစ်ပါတီလည်း အဖွဲ့ဝင်ဖြစ်ခဲ့သည်။

အပစ်အခတ်မရပ်စဲရသေးသည့် UNFC အဖွဲ့ဝင်များဖြစ်ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့( KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)နှင့် ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) တို့ အပစ်အခတ်ရပ်စဲရေးအတွက် မြန်မာအစိုးရနှင့် ယခုလတွင်ဆွေးနွေးကြမည်ဟုလည်း နိုင်ဟံသာက ဆက်ပြောသည်။

လက်ရှိမြန်မာအစိုးရနှင့်အပစ်ရပ်လက်မှတ်ထိုးခဲ့ပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်နယ်အခြေစိုက် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း(ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြစ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts