Homeသတင်းယခုနှစ် ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲ စာဖြေသံဃာတော် အများဆုံး



ယခုနှစ် ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲ စာဖြေသံဃာတော် အများဆုံး



-

ခတ္တာနွန် – 

ဗုဒ္ဓဘာသာမွန်သံဃာများ၏ ယခုနှစ်တွင်ကျင်းပသည့် ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲ အကြိမ် ၃၀ အတွင်း ယခင်နှစ်များနှင့် မတူဘဲ ဖြေဆိုသည့် ရဟန်းသံဃာ၊ သီလရှင်များ အများဆုံးနှစ် ဖြစ်ကြောင်း သိရသည်။

သံဃာတော်များ ရာမညနိကာယမွန်ပရိယတ္တိစာမေးပွဲဖြေဆိုနေစဉ်

“ဒီလိုစာဖြေသံဃာတွေ များလာရတာက အဓိကတော့ သံဃာတွေ ပညာရေးကို စိတ်ဝင်စားလာတယ်၊ ပညာရဲ့တန်ဖိုးကို သိလာတယ်၊ နောက်ပြီးတော့ ဓမ္မာစရိယအောင်တဲ့ သံဃာတွေကလည်း နိုင်ငံခြားကို ပညာတော်သင်သွားနိုင်တယ် ထိုင်းနိုင်ငံတို့ သိရိလင်္ကာနိုင်ငံတို့မှာ ပညာသင်သွားရောက် သင်ယူနိုင်တဲ့ အခွင့်အရေးတွေကလည်းရှိတယ်၊ အခု မွန်သံဃာတွေ MA တက်နေတဲ့ သံဃာတွေလည်းရှိတော့ ပိုစိတ်ဝင်စားပြီး အခုလိုများလာရတာပါ” ဟု ရာမညနိကာယဂိုဏ်း အတွင်းရေးမှူး အသျှင်စန္ဒောဘာသက မိန့်သည်။

အဆိုပါရာမညနိကာယမွန်ပရိယတ္တိကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၌ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၄ ရက်တိုင် ကျင်းပနေသည်။

“ဒီနှစ်မှာ စာမေးပွဲ ဖြေဆိုတဲ့ သံဃာတွေ အများဆုံးပဲ အရင်နှစ်ထက် ဒီနှစ်က စာဖြေတဲ့ သံဃာတွေ ၃၀၀ နီးပါးလောက်ကို ပိုများလာတယ်” ဟု အသျှင်စန္ဒောဘာသက မိန့်ကြားသည်။

ယခုနှစ်တွင် စာဖြေသံဃာတော်ပေါင်း ၁၅၁၀ ပါးရှိပြီး သီလရင်ပေါင်း ၄၀ ပါဝင်သည်။ ၄င်းတွင် ဓမ္မာစရိယတန်းဝင်ဖြေဆိုသည့် သီလရှင်လည်းရှိသည်။

ယမန်နှစ်တွင် စာဖြေသံဃာပေါင်း ၁၂၄၀ ပါးရှိကြောင်း သိရသည်။

မွန်ပရိယတ္တိစာမေးပွဲပါဠိပါရဂူတန်း (ဂုဏ်ထူးတန်း) မှ ၉ ပါး၊ ဓမ္မာစရိယတန်းမှ ၂၅၈ ပါးနှင့် စာချတန်း ဖြေဆိုသည့် သံဃာပေါင်း ၁၀၀ အပြင် ပထမအကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ မူလတန်းဟူ၍ အဆင့် ခုနှစ်ဆင့် ဖြေဆိုကြောင်း သိရသည်။

စာမေးပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ချစ်ငွေက “ မွန်သံဃာတော်အားလုံးတစ်နေရာထဲစုပေါင်းပြီး ပရိယတ္တိစာမေးပွဲဖြေဆိုခဲ့တာ ဒီနှစ်ကျတော့အင်အားပိုတိုးလာသလို အလှူရှင်တွေကလည်း အရင်နှစ်တွေထက် ပိုတိုးလာတယ်” ဟု ပြောသည်။

အနယ်နယ်အရပ်ရပ်မှ အလှုရှင်များ၊ နိုင်ငံရပ်ခြားမှ အလှုရှင်များနှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများလည်း ဝိုင်းဝန်း လုပ်အားပေးလှူဒါန်းကြကြောင်း ၎င်းကဆက်ပြောသည်။

ရာမညနိကာယ မွန်ပရိတ္တိစာမေးပွဲကို နှစ်စဉ်နှစ်တိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတိုက်၌ ပြုလုပ်ကြသည်။ 

ရာမညနိကာယဂိုဏ်းကို သာသနာသက္ကရာဇ် ၂၄၀၆ (၁၈၆၃) ခုနှစ်ခန့်တွင် ရာမညတိုင်း၊ ပဲခူးမြို့ရှိ ကလျာဏီသိမ်တော်၌ သိက္ခာသစ်တင်၍ စတင်ဖွဲ့စည်းခဲ့သည်ဟု မွန်သမိုင်းမှတ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts