spot_img
Sunday, April 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ် စပါးခင်းများရေလွှမ်းခံရသဖြင့် ဧကထောင်နှင့်ချီပြီး ပျက်စီးနိုင်

    မွန်ပြည်နယ် စပါးခင်းများရေလွှမ်းခံရသဖြင့် ဧကထောင်နှင့်ချီပြီး ပျက်စီးနိုင်

    -

    မင်းတော်လ၀ီ – မွန်ပြည်နယ်တွင် မိုးဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် မုဒုံမြို့နယ်နှင့် ကျိုက္မရောမြို့နယ်များမှရေနက်ကွင်း စပါးခင်းများရက်ကြာရှည်ရေလွှမ်းမိုးခံထားရသည့်အတွက် စပါးဧက ထောင်နှင့်ချီ၍ ပျက်စီးမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

    မုဒုံမြို့နယ်မှရေနက်ကွင်းအများဆုံးဖြစ်သည့် ကမာဝက်ရွာ၊ တောင်ပရွာ၊ ကော့ပီထောရွာ၊ ကွမ်ကဗွီးရွာ၊ ဒိုးမားရွာ၊ နှီးပဒေါရွာနှင့် ကွမ်းလှာရွာများမှ စပါးဧကတစ်သောင်းခွဲခန့်ရေလွှမ်းခံထားရသည်ဟု ခန့်မှန်းကြပြီး သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် မိုးအနည်းငယ်ပါးခဲ့သော်လည်းဒီရေမြင့်တက်လာသည့်ကာလဖြစ်သည့်အတွက် ရေနက်ကွင်းများတွင် ရေဆက်လက်လွှမ်းမိုးနေဆဲ ဖြစ်သည်။

    “ရွာ (၇) ရွာက စပါးခင်းတွေ ရေလွှမ်းဒဏ်ခံရတာဇူလိုင် ၂၀ မှစပြီး သြဂုတ် ၁၀ ရက်အထိပဲ၊ ရေကျသွားတာမှ မရှိသေးဘူး၊ ရေလွှမ်းရက်ကြာနေတယ်။ ကွမ်လှာ၊ ကလော့သော့၊ ကမာဝက်ရွာတွေဆို ပိုပျက်တယ်၊ သုံးပုံမှာ တစ်ပုံက လုံးဝသေကုန်ပြီ၊ တစ်ပုံက ထိခိုက်မယ်၊ ရမယ်ဆိုရင် တပုံပဲကျန်မယ်” ဟု ကမာဝက်ကျေးရွာ လယ်သမားတဦးက ပြောသည်။

    ရေလွှမ်းမိုးမှုကာလကြာမြင့်သွားလျှင် ပျက်စီးဆုံးရှုံးမှု ပို၍များပြားလာမည်။ ယခု လတ်တလောအတွင်း စပါးဧက ငါးထောင်ခန့် ပျက်နိုင်သည်ဟု ကမာဝက်ရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    ထို့အတူ ကျိုက္မရောမြို့နယ်မှ တရနာရွာ၊ ကော့သတ်ရွာ၊ ဓမ္မသပ်ရွာ၊ ခရုံလက်ပန်ရွာ၊ ကျုံမနင်းရွာနှင့် ညောင်ပင်ဆိပ်ရွာများတို့တွင်လည်း ဂျိုင်းမြစ်၊ အတ္ထရံမြစ်ရေကြီးမှုနှင့် မိုးရေကြာရှည်လွှမ်းခံထားရမှုကြောင့် စပါးခင်းဧက ထောင်ချီထိခိုက်ခံရသည့်အပြင် စပါးသေကျေပျက်စီးမှုှရှိနေပြီဟု ခရုံလက်ပန်ကွင်းမှ လယ်သမားများက ပြောနေသည်။

    “မိုးရေကြီးတဲ့အပြင် ဂျိုင်းမြစ်ရေနဲ့ အတ္ထရံမြစ်ရေတက်နေတဲ့ဒဏ်ကိုခံနေရတဲ့ တရနာရွာ၊ ဓမ္မသရွာ၊ ခရုံလက်ပန်ရွာနဲ့ ကော့သတ်ရွာက စပါးခင်းတွေက ဆက်တိုက်မိုးရွာနေတဲ့အတွက် မြစ်ရေရော မိုးရေပါ လွှမ်းခံနေရတယ်။ ဂျုလိုင်လတတိယပတ်ကနေ သြဂုတ် ၁၀ ရက်အထိ ရက်ကြာနေလို့ စပါးတွေပျက်စီး တာ အများအပြားဖြစ် နေတယ်၊ ခန့်မှန်းချေ ဧကထောင်ချီ သေနိုင်တယ်” ဟု တရနာရွာမှ လယ်သမား တဦးက ပြောသည်။

    “လောလောဆယ်မှာ ရေဝင်နစ်မြုပ် စပါးခင်း ပျက်စီးမှုတွေ စစ်တမ်း ကောက်ခံနေဆဲမို့ စာရင်း အတိ အကျတော့ မရရှိနိုင်သေးပါဘူး၊ ရေနစ်မြုပ်ကြာမြင့်နေမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုက များလာစရာအ ကြောင်းရှိပါတယ်” ဟုပြည်နယ် မြေစာရင်းဦးစီး ဋ္ဌာနမှ တာဝန်ရှိသူ တဦးက ဆိုပါသည်။

    မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်၌ စိုက်ပျိုးမြေဧရိယာ ၂၁ သိန်းကျော်ရှိသည့်အနက် မိုးစပါးစိုက်ဧက ၁၀ သိန်းကျော်စိုက်ပျိုးရန် လျာထားခဲ့သည်။ လျာထားချက်အတိုင် ပြည်နယ်လုံးကျွတ်စိုက်ပျိုး ခဲ့သော်လည်း ယခုကဲ့သို့ ရေကြီးပျက်စီးသွားသည့်စပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုး၊ ပျိုးပင်၊ ငွေကြေးအခက်အခဲနှင့် အချိန်ကန့်သတ်မှုရှိနေခြင်းကြောင့် ယခုနှစ်စပါးဧကအထွက် လျှော့နည်းသွားနိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသည်။

    မွန်ပြည်နယ်နည်းတူ ကရင်ပြည်နယ်တွင်လည်း မိုးဆက်တိုက်ရွာမှုနှင့် သံလွင်မြစ်ရေကြီးမှုကြောင့် မိုးစပါးဧက သုံးသောင်ကျော် ရေလွှမ်းမိုးခံခဲရပြီး စပါးစိုက်ခင်းဧက အချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်နေရသည်ဟု ပြည်တွင်းဂျာနယ် weekly eleven တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts