spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းအစိုးရတပ်နှင့်ဒီကေဘီအေတို့ သဘောထားကြီးစွာဖြေရှင်းကြရန် နိုင်ဟံသာတိုက်တွန်း

    အစိုးရတပ်နှင့်ဒီကေဘီအေတို့ သဘောထားကြီးစွာဖြေရှင်းကြရန် နိုင်ဟံသာတိုက်တွန်း

    -

    အစိုးရတပ်ဖွဲ့နှင့် ဒီကေဘီအေတို့ကြား လက်ရှိဖြစ်ပေါ်နေသောတိုက်ပွဲများ လုံးဝ ရပ်တန့်စေရေး နှစ်ဖက်ခေါင်းဆောင်များ သဘောထားကြီးစွာကိုင်တွယ်ဖြေရှင်းကြရန် တိုက်တွန်းပါကြောင်းတစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ယနေ့တွင် ပြောကြားလိုက်သည်။

    လက်နက်ကိုင်ပဋိပက္ခကိစ္စများကို တစ်ဖက်အပေါ်စီးနေပြီး ဖြေရှင်းမရနိုင်ကြောင်း၊ တန်းတူရေးနှင့် တရားမျှတမှုအပေါ်အခြေခံပြီး ဖြေ ရှင်းမှသာ ပြဿနာများ ပြေလည်နိုင်မည်ယူဆကြောင်း သူကပြောသည်။

    နိုင်ဟံသာက “အခုလို လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပေါ်နေတဲ့အတွက် လက်ရှိဆွေးနွေးပွဲတွေကို ရိုက်ခတ်သွားတာကတော့အမှန်ပဲ၊ ဆွေးနွေးပွဲအပေါ် ယုံကြည်မှုကျဆင်းလာနိုင်တယ်၊ တိုက်ပွဲတွေကတော့ ကရင်ပြည်နယ်တစ်ခုထဲတင်မကဘူး၊ အချို့ပြည်နယ်ဘက်မှာ လည်း ဆက်ဖြစ်နေတုန်းပဲ” ဟု ဆိုသည်။

    ယခုအခါ ကရင်ပြည်နယ်သာမက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွင်လည်း ဒေသခံတိုင်းရင်းသားတပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့တို့ ကြား တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းသည် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးအတွက် ကောင်းသောလက္ခဏာမဟုတ်ဟု သူကဆက် ပြောသည်။

    “ရရှိပြီးသား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးတွေမှာ ခိုင်မာမှုမရှိလို့ ခုလို ထိတွေ့မှုတွေဖြစ်လာရတာပါ၊ ပြီးခဲ့တဲ့သဘောတူညီချက်တွေမှာ တပ်နေရာချထားရေးနဲ့ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျမပါရှိခဲ့ဘူး” ဟု နိုင်ဟံသာက ထောက်ပြသည်။

    အကယ်၍ နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲပြီးသောအခါ သက်ဆိုင်ရာတပ်ဖွဲ့ တပ်တည်နေရာများ၊ လိုက်နာရမည့် စည်းကမ်းချက်များအပြင် စောင့်ကြည့်ရေးအဖွဲ့များကိုလည်းဖွဲ့စည်းနိုင်မှသာ ခိုင်မြဲသည့်အပစ်ရပ်စဲရေး တည်ဆောက်နိုင်မည်ဟု သူကဆိုသည်။

    DKBA ကလိုထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က “နိုင်ငံရေးအာမခံချက်ရှိရင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲဖို့ ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေဘက်က သဘောတူတယ်၊ ဒါပေမယ့် လက်မှတ်အရင်ထိုး ပြီးမှနိုင်ငံရေးဆွေးနွေးမယ်၊ နောက်တော့မှ တပ်ရွှေ့ပြောင်းမယ်ဆိုတော့ ကျနော်တို့တိုင်းရင်းသားခေါင်းဆောင်တွေ စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောသည်။

    နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲပြီးနောက်ပိုင်းတွင် နှစ်ဖက်သဘောတူညီချက်များအတိုင်း တိတိကျကျလိုက်နာရမည့်စည်းကမ်းချက်များပါဝင်မှသာလျှင် ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်နိုင်မည်ဟု သူကဆက်ပြောသည်။

    သူက “အခုကျနော်တို့အဖွဲ့ကို ကြီးနိုင်ငယ်ညှင်းပုံစံနဲ့ဆက်ဆံတဲ့အခါကျတော့ မျှတမှုမရှိဘူး၊ ကျနော်တို့လိုချင်တာ မျှတမှုနဲ့တန်းတူအခွင့်ရေးပဲ၊ အဲလိုမဟုတ်ဘဲနဲ့ ငါတို့ဟာနိုင်ငံတော်၊ ငါတို့အောက်မှာပဲနေ ဆိုတဲ့ပုံစံမျိုးနဲ့ဆက်ဆံတဲ့အခါကျတော့ ကျနော်တို့အောက်ခြေမှာ ပေါက်ကွဲကုန်တာပေါ့” ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၌ အစိုးရနယ်ခြားစောင့်တပ် BGF နှင့် အစိုးရတပ်မတော်ဘက်မှ DKBA အဖွဲ့ဝင်ကို ပစ်ခတ်သဖြင့် ဗိုလ်တစ်ဦး သေဆုံး၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကျိုက်မရောမြို့နယ်နှင့် မုဒုံ မြို့နယ်တို့ ရှိ DKBA အဖွဲ့ဝင်များ၏ နေအိမ်ကို အစိုးရစစ်တပ်၊ ရဲများ ဝင်ရောက်ရှာဖွေကာ သေနတ်အချို့သိမ်းယူခဲ့သည်။

    တစ်ဖက်တွင်လည်း စက်တင်ဘာ ၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေးရွာ ရှိ DKBA ဂိတ်သို့ ခလရ (၂ဝ၈) တပ်ရင်းမှ မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာရာ DKBA တပ်ဖွဲ့ပစ်ခတ်ပြီး ယာဉ်ပေါ်ပါလာသည့် အစိုးရ တပ်ဖွဲ့နှင့်ရဲ ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။

    ထို့နောက် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ရွှေဝါချောင်းကျေးရွာ အနီး၌လည်းကောင်း၊ ကလိုင်းကနိုင် ကျေးရွာ အုပ်စု ကရင်တောကျေးရွာ၌လည်းကောင်း DKBA ကလို့ထူးဘောအဖွဲ့နှင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    အဆိုပါတိုက်ပွဲများဖြစ်နေချိန်သည် UPWC နှင့် NCCT တို့ ရန်ကုန်မြို့တွင် ဆဌမအကြိမ် ဆွေးနွေးပွဲကျင်းပနေချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts