spot_img
Wednesday, December 17, 2025
More
    spot_img
    Homeဆောင်းပါးအကြမ်းဖက်၍ နယ်ချဲ့နေသော ရွေးကောက်ပွဲနယ်မြေများ

    အကြမ်းဖက်၍ နယ်ချဲ့နေသော ရွေးကောက်ပွဲနယ်မြေများ

    -

    ခေတ်အဆက်ဆက် အာဏာသိမ်း စစ်တပ်များသည် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တစ်ရပ်အဖြစ် အသုံးချလေ့ရှိသည်။

    ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရွေးကောက်ပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်တော့မည်ဖြစ်သည်။

    သို့ရာတွင် ယခုတစ်ခေါက် အာဏာသိမ်းမှုအတွင်း လက်နက်ကိုင် တော်လှန်မှုများကြောင့် မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ခဲ့ရပြီး ရွေးကောက်ပွဲကိုပင် အပိုင်း ၃ ပိုင်းခွဲကျင်းပမည်ဖြစ်သည်။

    ပထမအပိုင်းတွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်မည်။ အဆိုပါ ၁၀၂ မြို့နယ်တွင်ပင် မဲဆန္ဒနယ်အပြည့် မကျင်းပနိုင်ပေ။

    ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက် ၃ မြို့နယ်ကိုသာ ဆက်လက်ထိန်းချုပ်ထားနိုင်သည့် စစ်အုပ်စုမှာ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တွင် ရခိုင်ပြည်နယ်၌ မဲပုံးထောင်ရန် နယ်မြေမရှိတော့ပေ။

    “စစ်တပ်က ရခိုင်ပြည်နယ်မှာ သူထိန်းချုပ်နိုင်တာ ၃ မြို့နယ်ပဲကျန်တယ်။ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်။ ဆိုတော့ ရွေးကောက်ပွဲ ပထမပိုင်းမှာ သူတို့ အကုန်ထည့်လိုက်တော့ နောက်ထပ်ကျင်းပမယ့်နေရာ မကျန်တော့ဘူး။ ဒီတော့ သူတို့အနေနဲ့က ရွေးကောက်ပွဲအောင်မြင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်ပါတယ်ဆိုတာကို ပြဖို့ နယ်မြေစိုးမိုးရေးက အရေးကြီးလာတယ်။ တစ်ဘက်မှာလည်း ဒီစစ်တပ်ရဲ့ တိုက်ရည်ခိုက်ရည်ကို ပြန်ကြည့်ရင် လေကြောင်းကလွဲပြီး သူတို့မှာ စစ်ဓာတ်ရော၊ အင်အားတွေကလည်း တစ်နိုင်ငံလုံးဖြန့်ထားရတော့ ပြန့်ကြဲနေတယ်။ ဒါပေမယ့် ရှမ်းမြောက်မှာ အပစ်ရပ်လိုက်တဲ့အတွက် ဒီနေရာတွေကို ဗုံးကြဲစရာမလိုတော့ဘူး။ ဒီတော့ နေ့ရော ညရော ရခိုင်နဲ့ မြန်မာပြည်အလယ်ပိုင်းကို ဆက်တိုက်ကြဲနေတာဖြစ်တယ်။”ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူက ထောက်ပြသည်။

    ရွေးကောက်ပွဲ နီးလာချိန်တွင် စစ်အုပ်စုက ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးရေးကို အာရုံစိုက်လာပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အုပ်စုက မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လူပေါင်း ၃၄ ဦး သေဆုံးခဲ့ရသည်။

    ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်း မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ဒေသများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ထိခိုက်သေဆုံး များပြားခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင် EAOs များ မရှိသည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့်လည်း နယ်မြေစိုးမိုးနိုင်ရေး စစ်တပ် ကြိုးပမ်းနေပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သပိတ်ကျင်းရှိ နယ်မြေအချို့ကို စစ်တပ် ပြန်လည် သိမ်းပိုက်ခဲ့သည်။

    “အခုမင်းအောင်လှိုင်လုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒီရွေးကောက်ပွဲကို သူတို့ ဟန်ပြ လုပ်လို့ ရကောင်း ရနိုင်တယ်။ ဒါက စစ်တပ်နဲ့ ကြံ့ခိုင်ရေးက သူတို့လိုသလို ပုံဖော်သွားမယ့် ရွေးကောက်ပွဲဖြစ်တယ်။ ဒီတော့ ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ စစ်အနိဋ္ဌာရုံတွေ အဲ့တာတွေကိုလည်း ဖြေလျှော့နိုင်မယ့်အနေအထားမရှိဘူးလို့ ကျနော်မြင်ပါတယ်။”ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ဆိုသည်။

    စစ်တပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်နိုင်ရေး၊ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေး အကြမ်းဖက်လမ်းစဉ်ကိုသာ ကျင့်သုံးခဲ့ပေသည်။

    မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်သည့် လားရှို့မြို့ကို သိမ်းပိုက်ထားစဉ် လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်များ၊ ဟော်တယ်နှင့် စျေးများပါမကျန် လေကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်ခဲ့သည်။ ထို့နောက် တရုတ်အစီအစဉ်ဖြင့် အပစ်ရပ်လိုက်ပြီး လားရှိုးမြို့ပြန်ရခဲ့သည်။

    ထို့နည်းတူစွာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အားဖိအားပေးရန် TNLA သိမ်းပိုက်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် ဒေသတွင် အရပ်သားပစ်မှတ်များအပေါ် နေ့စဉ် ဆက်တိုက် ဗုံးကြဲအကြမ်းဖက်ပြီးနောက် အပစ်ရပ်ကာ နယ်မြေပြန်ရခဲ့သည်။

    ယခုအခါ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဒေသရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် အရပ်သားပစ်မှတ်များကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေပြီး စိုးမိုးနယ်မြေများအတွက် ချဲ့ထွင်လျက်ရှိသည်။

    ရခိုင် ကဗျာဆရာ ဝေဟင်အောင်က “ဒါပဲပေါ့ဗျာ တိုင်းပြည်ရဲ့ အာဏာကို လိုချင်နေသေးတာ၊ အတင်းအဓမ္မ အာဏာသိမ်းပြီး အာဏာကို တက်ထိုင်ခဲ့တယ်။ အာဏာသိမ်းပြီး တရားဝင်အစိုးရတစ်ရပ်လည်း လုပ်ချင်သေးတယ်။ ဒီလိုအစိုးရတစ်ရပ်ကနေပြီးတော့ သူတို့နေရာမှာ မဟုတ်လို့ သူတို့နေရာမှာ လာမခိုလှုံလို့ ဒီလူတွေကို သတ်ဆိုတာမျိုး လုပ်နေတယ်။” ဟု ဆိုသည်။

    ရွေးကောက်ပွဲအပြီး ၂၀၂၆ ခုနှစ် မတ်လကုန်ပိုင်းတွင် အစိုးရအပြောင်းအလဲဖြစ်မည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသော်လည်း စစ်ဗိုလ်ချုပ်များကိုသာ အရပ်ဝတ်ဖြင့် မြင်ရမည့် အစိုးရတစ်ရပ်ဟု ဝေဖန်နေကြသည်။

    ထို့ပြင် ယခု အကြမ်းဖက်ကာ တိုးချဲ့ထားသည့် စိုးမိုးနယ်မြေများကိုလည်း ၎င်းတို့၏ အစိုးရသစ်က ကြားဖြတ်ရွေးကောက်ပွဲများကို လုပ်ပေးမည်ဟု ပြောဆိုထားပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts