spot_img
Monday, December 1, 2025
More
    spot_img
    Homeသတင်းကျားဖြန့်လုပ်သားများ ထွက်ခွာပြီး လူသူကင်းမဲ့သွားခြင်းကြောင့် ရွှေကုက္ကိုရှိ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေသူများ လုပ်ငန်းပိတ်သိမ်း

    ကျားဖြန့်လုပ်သားများ ထွက်ခွာပြီး လူသူကင်းမဲ့သွားခြင်းကြောင့် ရွှေကုက္ကိုရှိ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်နေသူများ လုပ်ငန်းပိတ်သိမ်း

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ ရွှေကုက္ကိုနယ်မြေအတွင်း ကျားဖြန့်လုပ်သားများ ထွက်ခွာပြီး လူသူကင်းမဲ့သွားခြင်းကြောင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်နေသည့် မွန်မှလုပ်ငန်းရှင်အချို့ လုပ်ငန်းပိတ်သိမ်းပြီး နေရပ်သို့ပြန်လာရကြောင်း နီးစပ်သူများထံမှ သိရသည်။

    မွန်မှ စီးပွားရေးလုပ်ငန်းရှင်အချို့သည် ကျားဖြန့်လုပ်သားထောင်ချီရှိသည့် ရွှေကုက္ကိုဒေသဘက်သို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကုန်တိုက်၊ ဘဏ်၊ ဆေးဆိုင်၊ တိုက်ခန်း၊ အိမ်ခန်း စသည့်လုပ်ငန်းများကို သွားရောက်လုပ်ကိုင်နေကြကြောင်း သိရသည်။

    စစ်ကော်မရှင်အဖွဲ့မှ နိုဝင်ဘာ တတိယအပတ်မှစပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် အဆောက်အအုံအချို့ကို ပိတ်သိမ်းခြင်း၊ ဖောက်ခွဲခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ကျားဖြန့်လုပ်သားများ ဦးတည်ရာမဲ့ ထွက်ခွာသွားကြပြီး လူသူကင်းမဲ့နေခြင်းကြောင့် လုပ်ငန်းပိတ်သိမ်းလာရကြောင်း ရွှေကုက္ကိုတွင် စားသောက်ဆိုင်ဖွင့်ထားသည့် မွန်လုပ်ငန်းရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ မွန်စီးပွားရေးသမားတွေက ရွှေကုက္ကိုဘက်မှာ စားသောက်ဆိုင်အများကြီး သွားဖွင့်ထားကြတယ်။ ရွှေကုက္ကိုက ကျားဖြန့်လုပ်ငန်းကို ဝင်ရောက်စီးနင်းကြပေမဲ့ စားသောက်ဆိုင်လုပ်ငန်းတွေကိုတော့ ထိခိုက်အောင်ဘာမှမလုပ်ကြပါဘူး။ ဒါပေမဲ့လည်း တရုတ်နဲ့ ကျားဖြန့်လုပ်သားတွေ မရှိတော့လို့ လုပ်ငန်းအဆင်မပြေကြတော့ဘူးပေါ့။ ဝယ်သူမရှိလို့ ပိတ်သိမ်းကြရတာပေါ့” ဟု သူက ပြောသည်။

    တိုက်ပွဲအခြေအနေကြောင့် မကြာခဏ ပြောင်းရွှေ့နေထိုင်နေရသည်ဆိုသော်လည်း ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းထက် ဝင်ငွေအခွင့်အလမ်း ပိုများနေခြင်းကြောင့် ကရင်နှင့် မွန်ပြည်နယ်မှ လုပ်ငန်းရှင်များ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

    ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည့် ရွှေကုက္ကို၊ မင်းလက်ပံ၊ ဖလူး၊ အင်းကြင်မြိုင် စသည့် နယ်မြေဘက်သို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ယာယီပြောင်းရွှေ့ နေထိုင်ကြကြောင်းလည်း သူက ဆက်ပြောသည်။

    “သူတို့က ထိုင်းတို့၊ မလေးရှားတို့ သွားမဲ့အစား အဲမှာသွားလုပ်ကြတာ။ အကျိုးအမြတ်လည်း ပိုရတာပေါ့လေ။ ဒါပေမဲ့ တိုက်ပွဲကြောင့် တစ်နှစ်ဆိုရင် အနည်းဆုံး နှစ်ကြိမ်လောက်က ပြေးရတယ်။ အဲဘက်မှာ နေထိုင်ရဲတဲ့လူတွေသာ အဲလိုစီးပွားရေးတွေကို လုပ်ကိုင်နိုင်တာ” ဟု သူက ဆက်ပြောသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် အဆောက်အအုံးအထိ ဝင်ရောက်လုပ်ကိုင်နေသူ လူငယ်များလည်းရှိပြီး ကွန်ပျုတာအခြေခံ တတ်မြောက်သူဖြစ်ပါက တစ်လလျှင်သိန်း ၄၀ အထိရရှိပြီး ကျွမ်းကျင်သူဖြစ်ပါက တစ်လလျှင် သိန်းရာချီ ရရှိနေကြသည်ဟု ကျားဖြန့်လုပ်ငန်းတွင် ဝင်ရောက်လုပ်ငန်းနေသည့် လူငယ်တစ်ဦး၏ ပြောကြားချက်ကို အခြေခံပြီး သူက ပြန်လည်ပြောပြသည်။

    လက်ရှိ စစ်ကော်မရှင်မှ ဝင်ရောက်ရှာဖွေမှုလုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းရှင်များငှားရမ်းထားသည့် ဟိုတယ်အဆောက်အအုံများတွင် ကျားဖြန့်ရုံးခန်းများအဖြစ် ပြုပြင်မွန်းမံအသုံးပြုထားခြင်းကြောင့် ပိတ်သိမ်းထားရပြီး လူသူကင်းမဲ့နေခြင်းဖြစ်သည်။

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများ ဆောင်ရွက်နေသော အဆောက်အအုံ ၁၃၅ လုံး တွေ့ရှိရပြီး ယင်းအနက် နိုဝင်ဘာ ၁၈ ရက်နေ့မှ ယနေ့အထိ ၁၀၁ လုံးအား ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း စစ်ကော်မရှင်မှ ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားချက်အရ သိရသည်။

    ရွှေကုက္ကိုနယ်မြေအတွင်း ရောက်ရှိနေသော နိုင်ငံခြားသား ၂၀၄၂ ဦးနှင့် ကျားဖြန့်လုပ်ငန်းများတွင် အသုံးပြုနေသည့် ကွန်ပျူတာအလုံးရေ ၃၀၀၀ ကျော်၊ ဖုန်းအလုံးရေး ၂၀၀၀ ကျော်၊ Starlink ဗန်း ၁၀၀ ကျော်၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts