ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ၊ သတ်မှတ်ထားသည့်နယ်မြေအတွင်း နိုင်ငံခြားသားများ (အထူးသဖြင့်တရုတ်နိုင်ငံသားများ) သယ်ဆောင်ခြင်းအား စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဟု ဗဟိုစစ်ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အတိုင်း နိုင်ငံခြားသားများ တစ်နေရာနှင့်တစ်နေရာ သွားလာခွင့်ကို DKBA အနေဖြင့် လုံးဝပိတ်ပင်လိုက်ပြီးဖြစ်ကြောင်း ဖမ်းဆီးအရေးယူမှုများကို လုပ်ဆောင်နေပြီးဖြစ်ကြောင်းလည်း DKBA ဒုတိယဗိုလ်မှူး စောတပလယ့်က IMNA သို့ပြောကြားသည်။

သို့သော် DKBA တာဝန်ရှိသူအချို့သည် ဗဟိုဌာနချုပ်ထံ သတင်းပေးပို့ဆက်သွယ်အကြောင်းကြားခြင်း ပျက်ကွက်နေခြင်းကြောင့် ၄င်းတို့ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေသည့်အကြောင်းကို အလုံးစုံ မသိရှိရကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ကလည်း DKBA ကွပ်ကဲသော ထိုင်း- မြန်မာနယ်စပ် မင်းလက်ပံရွာအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေသည့်နေရာကို KNU မှဝင်ရောက်စီးနင်းခဲ့ရာ လူ ၂၀၀၀ ကျော်တွေ့ရှိထားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဘက်မှ ထုတ်ပြန်ထားသေးသည်။
လက်ရှိတွင် နိုင်ငံခြားသားများတစ်နေရာနှင့်တစ်နေရာသွားလာနိုင်ခွင့်မရှိစေရန် လုံးဝပိတ်ပင်လိုက်ပြီး ဖြစ်ကြောင်း၊ တရုတ်များရောက်ရှိရာနေမှထွက်ခွာရန်တာဝန်ရှိသူအဆင့်ဆင့်ထံ အမိန့်ပေးထားသည်ဟုလည်း DKBA ၏ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးစောတပလယ့်က ပြောသည်။
မေး။ ။ DKBA အနေနဲ့ ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သတ်ပြီး လက်ရှိ ဘာတွေလုပ်ဆောင်နေတာရှိလဲ။
ဖြေ။ ။ ဒီတလောမှာတော့ ကျနော်တို့လူကြီးတွေ အစည်းအဝေးထိုင်ပြီးတော့ ဒီအတွင်းမှာလုပ်ဆောင်နေတာတွေ စီစဉ်နေတာတွေရှိပါတယ်၊ ဒါတွေကိုလောလောဆယ်တော့ကျနော်တို့ ချပြဖို့မရှိသေးပါဘူး၊ တင်းတင်းကြပ်ကြပ်အနေနဲ့ စီစဉ်ထားတာတော့ရှိတယ်။ ဒါမဲ့ကျနော်တို့အစီအစဉ် မပြီးသေးတော့ ကျနော်တို့ချပြလို့ မရသေးပါဘူး”
မေး။ ။ DKBA နယ်မြေအတွင်း နိုင်ငံခြားသားတွေကို ခေါ်ဆောင်လာမယ်ဆိုရင် ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်အတိုင်း နောက်ပိုင်း ဘယ်လိုအရေးယူတာတွေ လုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ဆုံဆည်းမြိုင်ဌာနချုပ်ပေါ့နော်။ ကျနော်တို့ DKBA ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိနေတဲ့စစ်ဆေးရေးဂိတ်တွေ ကျနော်တို့အဖွဲ့တွေပေါ့လေ လူကြီးကနေပြီးတော့ အဓိက တရုတ်နိုင်ငံခြားသား၊ အခြားနိုင်ငံသားတွေအပါအဝင် သယ်ဆောင်တာတို့မလုပ်ရဘူးပေါ့အမိန့်ကြေညာတာပေါ့နော်။ အကယ်လို့လုပ်မယ်ဆိုရင် လက်နက်ကိုင်အားလုံး၊ ကျနော်တို့အဖွဲ့အစည်းအပါအဝင် ဘယ်သူ လူတစ်ဦးတစ်ယောက်မဆို အရေးယူသွားဖို့ရှိတယ်လို့ ကျနော်တို့အရေးပေါ်အစည်းအဝေးထုတ်ပြန်ပြီးတော့ လက်ရှိဆောင်ရွက်နေတယ်ပေါ့။

မေး။ ။ နိုဝင်ဘာ ၂၁ ရက်က DKBA ထိန်းချုပ်နယ်မြေ မင်းလက်ပံရွာကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတော့ အဲ့မှာ ငွေလိမ်လုပ်ငန်းလုပ်နေတဲ့သူတွေ ၂၀၀၀ ကျော်ကိုတွေ့ရတယ်လို့ ထုတ်ပြန်တဲ့ကိစ္စအပေါ်မှာရော ဆရာဘာများပြောချင်ပါသလဲ?
ဖြေ။ ။ဒီမင်းလက်ပံမှာဖြစ်စဉ်က DKBA အနေနဲ့ပြောရမယ်ဆိုရင် အထက်ကနေညွှန်ကြားထားပြီးသားပဲ။ ဒီကိစ္စကိုရှင်းလင်းထုတ်ဖို့အတွက်လေ အောက်မှာရှိတဲ့တာဝန်ရှိတဲ့သူတွေကို ကျနော်တို့အထက်မှာ ညွှန်ကြားထားပြီးသားပဲ၊သူတို့လုပ်တယ်မလုပ်တယ်ဆိုတာက ကျနော်တို့အကုန်လုံးမသိဘူး ဘာလို့ဆိုတော့အထက်ကညွှန်ကြားထားပြီးသားကိစ္စဖြစ်တယ်။ အဲ့လောက်တော့ပြောနိုင်တယ်။
မေး။ အခုဆိုရင်အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကျားဖြန့်နှိမ်နင်းဖို့အတွက် ထုတ်ပြန်တာတွေ လုပ်ဆောင်နေတာတွေရှိတယ်၊ ဆရာတို့အနေနဲ့လည်း အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပူးပေါင်းဆောင်ရွက် နေတာမျိုးရှိလား။
ဖြေ။ ပူးပေါင်းဆောင်ရွက်ဖို့က လက်ရှိအခြေအနေအရပေါ့လေ၊ စစ်မြေပြင်အခြေအနေအရ ကိုယ့်အဖွဲ့အစည်းထဲမှာတော့ကိုယ်လုပ်နေတာပေါ့လေနော်၊ ကျနော်တို့လုပ်ပေမဲ့ တိတိကျကျနဲ့ သတင်းမီဒီယာ ခေါ်ရှင်းလင်းပြီးတော့ ထုတ်ပြန်တာတော့မရှိသေးဘူး။ လက်ရှိကတော့ကျနော်တို့လုပ်နေတယ်။ ကျနော်တို့လုပ်ဆောင်မှုပြီးသွားရင်လည်းသတင်းစာရှင်းလင်းပွဲတွေလုပ်ဖို့တော့အစီအစဉ်ရှိတယ်၊ လောလောဆယ်တော့ ရှိသမျှ DKBA နဲ့ပတ်သက်ဆက်နွယ်နေတဲ့ ကျားဖြန့်ကိစ္စကိုတော့ ရှင်းလင်းထုတ်နေတယ်လို့ပြောလို့ရတယ်။
မေး။ ။ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ DKBA အကာအကွယ်အောက်မှာ ကျားဖြန့်ရုံတွေရှိနေတယ် လုပ်ငန်းလုပ်ကိုင်နေတာတွေလည်း ရှိနေတယ်လို့ ပြောဆိုမှုအပေါ်မှာ ဆရာဘာများပြောချင်လဲ။
ဖြေ။ ။ အဲ့ဒီအပေါ်မှာဘာမှမပြောသေးဘူး။ လက်ရှိအတတ်နိုင်ဆုံး ကျနော်တို့ကျားဖြန့်နဲ့ ပတ်သက်တဲ့ကိစ္စတွေ အားလုံးကိုရှင်းထုတ်နေတယ်ပေါ့နော်။ ဒီတစ်လ မဟုတ်ရင်နောက်တစ်လအတွင်း အပြီးအပြတ်ပေါ့။ လူကြီးတွေကလည်းလုပ်နေတယ် လောလောဆယ်ကတော့ဒီအပေါ်မှာ တရုတ်တွေဝင်ထွက်သွားလာတာကို ကျနော်တို့က စာထုတ်လိုက်ပြီးဆိုတော့ ရှိနေတဲ့နေရာကနေ ဖြတ်သန်းသွားလာတာတို့ ဒီမှာတစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံတာတို့ လုံးဝပိတ်လိုက်ပြီး။ လုံးဝမရတော့ဘူး။ ဒါမဲ့သူရှိတဲ့နေရာကနေတာဝန်ရှိသူတွေ ထွက်သွားဖို့အတွက် တာဝန်ရှိတဲ့သူတွေကို ကျနော်တို့ အမိန့်ပေးထားတာမျိုး ရှိတယ်ပေါ့နော်။ အဲ့ဒီရှိနေတဲ့ သူတို့နေရာကနေ ထွက်သွားဖို့ပဲ။ ဖြစ်စဉ်ကတော့ နယ်မြေမှာရှိနေတဲ့အဖွဲ့အစည်းတွေက အထက်ကိုမတင်ပြတဲ့အခါကျ ကျနော်တို့လည်း မသိရှိရဘူး။ အချို့ကိစ္စတွေကျ ဘားအံမှာတော့မသိဘူး။ ဘုရားသုံးဆူမှာတော့ အမှတ် ၂ ကွပ်ကဲရေးတော့ရှိတယ်။ အဲ့ဘက်မှာတော့ကျနော်တို့အခြေအနေကိုမသိသေးဘူး။
ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့အကုန်လုံးက ကျားဖြန့်လို့ပြောလိုက်တာနဲ့ ကျနော်တို့ပါနေသလိုက ခံစားရတယ်။ စိတ်မကောင်းဘူး၊ အမှန်တိုင်းပြောရရင်ကျားဖြန့်လုပ်တာက ကျနော်တို့အဖွဲ့အစည်းအားလုံးမဟုတ်ဘူး၊ လူတစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်ဦးချင်းစီကလုပ်ကြတာများတယ် ကျနော်အသိပေးချင်းတာကလေ DKBA ဆို တစ်ဖွဲ့လုံး လုပ်နေသလိုလို BGF ဆိုလည်းတစ်ဖွဲ့လုံးလုပ်နေသလိုလိုနဲ့ အမှန်တိုင်းပြောရရင် လုပ်နေတဲ့သူက သူတို့ကိုယ်သူတို့သိတယ် ပြောရေးဆိုခွင့်ပေးထားတယ်။ ကျနော်တို့လည်းပြောသင့်သလောက်ပဲ ပြောရတာပေါ့လေ၊ တစ်ခုရှိတာက ဒီကိစ္စကိုကျနော်တို့လည်းမလိုလားဘူးလေ၊ ဒီလိုမျိုးလုံးဝမရှိတော့အောင် ကျနော်တို့လည်း ကြိုးစားနေပါတယ်လို့ ဒီနာမည်ပျက်တာတို့ကျနော်တို့လည်း မလိုလားဘူးလေ။
မေး။ ။ အွန်လိုင်းကနေတစ်ဆင့် ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ ကျားဖြန့်အဖွဲ့တွေကို နှိမ်နင်းဖို့ ဘာကြောင့်အရေးကြီးတယ်လို့ မြင်ပါသလဲ?
ဖြေ။ ။ ဒီကိစ္စကကျနော်တို့တစ်ကမ္ဘာလုံးက သိနေကြပါတယ်၊လိမ်လည်တဲ့ကိစ္စက အများအတွက် အကျိုးရှိတဲ့အလုပ်တော့မဟုတ်ဘူး ဒါရိုးရိုးလေးပြောရမယ်ဆိုရင် အများအတွက်အကျိုးမရှိဘူး ကိုယ့်အတွက်လည်းအကျိုးမရှိဘူး၊ ဒါကျနော်တို့သွားနေတဲ့ အဖွဲ့အစည်းရဲ့မူဝါဒနဲ့ မကိုက်ညီဘူး။ ဒါတွေက ဒီ ၂၀၂၁ နောက်ပိုင်းမှာစပေါ်လာတဲ့ကိစ္စပဲ။ ကျနော်သတင်းဌာနတစ်ခုမှာ ပြောခဲ့ပြီးပြီး ဒီကိစ္စအချိန် တစ်ခုမှာ အချိန်တိုအတွင်းပေါ့နော် ဒါတွေကပျောက်ပျက်သွားမှာပဲ။ ဒါကလည်းဒီမှာ ပါဝင်ပတ်သက်တဲ့ သူတွေအားလုံးသိနေတယ် အဖွဲ့အစည်းအနေနဲ့ပြောရမယ်ဆိုရင် လုံးဝ ဒါကိုကျနော်တို့ရှင်းလင်းထုတ် သွားမယ်ဆိုတာကိုတော့ပြောလို့ရတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ကျားဖြန့်နှိမ်နင်းရေးကိစ္စနဲ့ပတ်သတ်ပြီး ဖြည့်စွက်စကား ပြောကြားပေးပါအုံး ?
ဖြေ။ ။ အဲ့တာက ကျနော်ပြောချင်တာက သတင်းမီဒီယာတွေနဲ့ ကျနော်တို့လည်း အခုဒီမှာဆို ဌာနချုပ်မှာ လိုင်းတွေ၊ အင်တာနက်အခက်အခဲတွေရှိနေတယ်၊ ရှိတဲ့နေရာကိုသွားပြီးတော့ သုံးနေရတယ်။ အခုဖုန်းဆက်ဖို့က ကျနော်လိုင်းရတဲ့ နေရာရောက်နေတယ်။ အဲ့တာကြောင့် ဖုန်းဝင်တယ်၊ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အဖွဲ့အစည်းကလည်း ဒီဟာကြီးလုံးဝပြတ်တောက်သွားအောင်ကြိုးစားနေပါတယ်လို့ ပြောကြားလိုပါတယ်။



