ရန်ကုန်နှင့် အခြားတိုင်းဒေသကြီးများနှင့်နည်းတူ မွန်ပြည်နယ် မြို့နယ်အများစုတွင် အောက်တိုဘာလကုန်ပိုင်းမှစပြီး အင်တာနက်လိုင်းနှေးကွေးခြင်း၊ သုံးမရသည်အထိ ပြတ်တောက်ခြင်းများနှင့် ယနေ့အထိရင်ဆိုင်နေရပြီး အွန်လိုင်းလုပ်ငန်းနှင့် သင်တန်းတက်ရောက်နေသူများ အခက်အခဲရှိလာနေကြောင်း သိရသည်။
အင်တာနက်လိုင်းအားမကောင်းသဖြင့် အသုံးပြုမှုများသည့် Facebook, Business suit နှင့် zoom application များ ညခင်းပိုင်းအချိန်တွင် VPN ချိတ်ဆက်၍ မရသည့်အထိ လိုင်းအားကျနေကြောင်း အသုံးပြုနေသူများက ဆိုသည်။
Wifi အင်တာနက်ဝန်ဆောင်မှုပေးသူများမှ နည်းပညာချို့ယွင်းမှုကြောင့်ဟုဆိုပြီး ပြင်ဆင်ချိန် အများဆုံး ၇ ရက်အထိကြာနိုင်သည်ဟုဆိုသော်လည်း ရက်ရှည်ကြာလာခြင်းကြောင့် အွန်လိုင်းလုပ်ငန်း၊ အွန်လိုင်းသင်တန်းဖွင့်လှစ်သူနှင့် တက်ရောက်သူများ လုပ်ငန်းယာယီရပ်နားထားရကြောင်း သိရသည်။

ဘာသာစကား သင်တန်းဆရာတစ်ဦးက “ဒီဘက်မှာကျတော့ wifi တွေအဓိကဖြစ်တာ၊ wifi ကညဘက်ဆို လုံးဝသုံးမရတဲ့နီးပါးအထိကိုဖြစ်တာ။ လိုင်းတော့တက်နေတယ်။ သုံးပေမဲ့အရမ်းကိုနှေးတော့ သုံးမရတဲ့အထိကိုဖြစ်တာ။ google workspace tools တွေဆို တစ်ခါတစ်ခါ ဖွင့်ရဖို့ အကြားကြီးစောင့်ရတယ်။ စာသင်ဖို့ zoom join ဖို့ဆို ပိုဆိုးတာပေါ့။” ဟု ဆိုသည်။
လက်ရှိတွင် မော်လမြိုင်မြို့ပေါ်အတွင်း လူသုံးများသည့် Myanmar Boardband Telecom(MBT)၊ U9FTTH၊ Myanmar Net ၊Mytel၊ Maharnet ၊ 5BB Broadband Fiber Internet၊ Yatanarpon၊ Atom fiber အစရှိသော wifi ကုမ္ပဏီများမှလိုင်းများ ပြတ်တောက်နေကြောင်းလည်း သိရသည်။
အွန်းလိုင်းဈေးရောင်းသူများမှလည်း Live sale ရောင်းချမှုအတွက် ထိခိုက်မှုများစွာရှိနေပြီး ရောင်းအားကျဆင်းလာကြောင်းလည်း မုဒုံမှ အွန်းလိုင်းအထည်ရောင်းသူတစ်ဦးက ပြောသည်။
“အထူးသဖြင့် ဈေးဝယ်သူတွေ ပို့လာတဲ့အသံတွေ နားထောင်လို့မရဘူး။ ပုံတွေဖွင့်ကြည့်လို့လည်းမရဘူး။ အရင်ကဆို နေ့ခင်းဘက် လိုင်းမကောင်းရင် ညဘက်က ကိုယ့်စာတွေ ပြန်ပြန်ပေးတယ်။ အခုက နေ့ပိုင်းရော ညပိုင်းရော လိုင်းကျနေရော VPN တွေကလည်း ခဏခဏပြန်ချိတ်နေရတယ် ” ဟု ဆိုသည်။
အောက်တိုဘာလ နောက်ဆုံးအပတ်မှစပြီး အင်တာနက်လိုင်းမတည်ငြိမ်မှုဖြစ်ခြင်း၊ မီးစိမ်းသော်လည်း အင်တာနက်လိုင်းမရရှိခြင်းများ ဖြစ်နေပြီး ယခုအခြေအနေအတိုင်း ၃ ရက်မှ ၇ ရက်အထိကြာနိုင်ကြောင်း အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီကြီးများအပါအဝင် အခြားဝန်ဆောင်မှုအများစုမှ ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁ ရက်နေ့က ပြောဆိုထားသည်။
မြန်မာအင်တာနက်ပရော့ဂျက်အဖွဲ့မှလည်း ပင်လယ်ရေအောက်ရှိ အင်တာနက်ကေဘယ်လ်ကြိုးများ ပြတ်တောက်မှုကြောင့် ဝိုင်ဖိုင်အင်တာနက်များ အသုံးပြုမရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် Backup Link များဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးနေသဖြင့် လိုင်းအတက်အကျမမှန်ခြင်း၊ လိုင်းနှေးကွေးခြင်း၊ ချိတ်ဆက်မှုမတည်ငြိမ်ခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ကေဘယ်လ်ပြတ်တောက်ခြင်းကြောင့် အင်တာနက်အသုံးပြု၍ မရသောရက်များအပေါ် လစဉ်ပေးဆောင်ရသည့် အသုံးပြုခများ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း wifi အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီကြီးများမှ သုံးစွဲသူများထံ အသိပေးထားသည်။



