မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဂျပန်ရေတွင်းရွာအတွင်းသို့ ရိုက်နှက်ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏အလောင်းကို လာရောက်ပစ်ချထားသည့်ကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက ရိုက်နှက်ဒဏ်ရာဖြင့်သေဆုံးနေသည့် တရုတ်လူမျိုးမျက်နှာပုံနှင့် အမျိုးသားတစ်ဦး၏ အလောင်းကို ဂျပန်ရေတွင်းရွာ ဘောလုံးကွင်းဘေး ရာမညမွန်ဘုန်းကြီးကျောင်းရှေ့တွင် Pro box ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ချထားခဲ့ပြီး နောက်ရက်တွင် ဒေသခံများက တွေ့ရှိခဲ့ပြီးနောက် မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ရှာဖွေစုံစမ်းမှုကို ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ် အုပ်ချုပ်ရေးတာဝန်ရှိသူများက လုပ်ဆောင်နေသော်လည်း သက်သေအထောက်အထား တစ်စုံတစ်ရာမရှိခြင်းကြောင့် ဖော်ထုတ်ရန် မလွယ်ကူကြောင်းလည်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“တရားခံရှာတွေ့ဖို့က ခက်တယ်၊ ကိုယ့်မှာဘာသက်သေမှမရှိဘူး။ ဂိတ်ဖြတ်လာတဲ့အချိန်မှာ ဂိတ်စောင့်သမားက ကားပုံစံကိုမှတ်မိသလောက်ပဲ ရထားတယ်။ ကားနံပါတ်ကလည်း မသိထားဘူး။ ဒါမဲ့မွန်ပြည်သစ်အဖွဲ့နေပြီးတော့ သူတို့ စုံစမ်းနေတုန်းပါပဲ။ သင်္ချိုင်းမှာ သွားပစ်ထားရင်တော့ တစ်မျိုးကောင်းသေးတယ်။ အခုက ရွာလယ်မှာကိုလာပစ်ထားတယ်။” ဟု ဆိုသည်။
ဂျပန်ရေတွင်းကျေးရွာတွင် ပြောင်းရွေ့လာသည့် တရုတ်နိုင်ငံသား မရှိသဖြင့် ဘုရားသုံးဆူဒေသမှ ကျားဖြန့်လုပ်ငန်းနှင့်အဆက်စပ်ရှိသည့် တရုတ်နိုင်ငံသားဖြစ်နိုင်ကြောင်းလည်း အထက်ပါဒေသခံက ဆက်ပြောသည်။
သေဆုံးသူ၏ရုပ်အလောင်းကို လူမြင်ကွင်းနေရာတွင် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ချထားခြင်းသည် မွန်ပြည်ပါတီထိန်းချုပ်ရာဒေသအတွင်း ဝေဖန်မှုဖြစ်စေလိုသောသဘောဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားသည်။
“ဒီအလောင်းက ဘုရားသုံးဆူမှာ ကြိုက်တဲ့နေရာသွားပစ်လိုက်လို့ရတယ်။ ဒါမဲ့သူတို့မပစ်ဘဲနဲ့ ဂျပန်ရေတွင်းရွာထဲကို သွားပစ်တယ်။ သွားပစ်တာကလည်း ရိုးရိုးနေရာကို သွားမပစ်ဘူး။ မွန်ပြည်သစ်ဂိတ်ကိုဖြတ် ရွာရဲ့အလယ်ပိုင် မွန်ဘုန်းကြီးကျောင်း အရှေ့ကိုသွားပစ်ချထာတယ်ဆိုတော့ တွတ်ကြည့်လိုက်ရင် မွန်ပြည်သစ်ရဲ့ နာမည်ကိုဖျက်ချင်တာလား။ ရွာကိုဖျက်ချင်တာလားပေါ့။ ကျနော်တို့စဉ်းစားရတယ်။” ဟု ဆိုသည်။
ဘုရားသုံးဆူမြို့ပေါ် ကျားဖြန့်ငွေလိမ်လုပ်ငန်းနှင့် အဆက်သွယ်ရှိနေသည့် လက်နက်ကိုင်အဖွဲ့စည်းများမှလည်း လက်ရှိ တရုတ်လူမျိုး အမျိုးသားတစ်ဦး သေဆုံးမှုကို သိရှိထားခြင်းမရှိဟု ပြောဆိုနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရာနေရာ KK Park ကို စစ်ကော်မရှင်အဖွဲ့မှ ဝင်ရောက်စီးနင်းပြီးနောက် ဘုရားသုံးဆူမြို့နှင့် အနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသားများ ညပိုင်းတွင် ထပ်မံဝင်ရောက်လာနေကြောင်းလည်း ဒေသခံများမှ သိရသည်။


