ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ခရီးသွားလာသူများ မှတ်ပုံတင်အပါအဝင် ရပ်ကျေးထောက်ခံစာပါရှိမှသာ မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းနိုင်မည်ဖြစ်ပြီး ထောက်ခံစာမပါသူများ ငွေကြေးပေးဆောင်ရကြောင်း ခရီးသည်နှင့် ယာဉ်မောင်းများမှ ဆိုသည်။
မော်လမြိုင်-ရေး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်မှ စစ်ဆေးရေးဂိတ်နှင့် မြို့အဝင်အထွက်ဂိတ်များ တိုးချဲ့ထားပြီး မွန်မှတ်ပုံတင်မဟုတ်သူများကို နယ်ကျော်သွားလာသူဟုဆိုပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေခြင်းဖြစ်သည်။
ရပ်ကျေးထောက်ခံစာမပါသူများ ငွေကြေးပေးဆောင်၍ ဖြတ်သန်းခွင့်ရသွားသူများရှိသလို့ လှည့်ပြန်သွားရသူများလည်းရှိကြောင်း ရေဖြူဒေသခံတစ်ဦးက ပြောသည်။

“မှတ်ပုံတင်နယ်ကျော်ရင် ပိုက်ဆံတောင်းတယ်။ မပေးရင် ကားပေါ်မပေးတက်ဘူး။ ဒေသခံတွေက လွယ်လွယ်သွားချင်တော့ ပေးရတာပေါ့လေ၊ အခုဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ ယူခိုင်းတာ”ဟု သူက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်က သံဖြူဇရပ်-ရေးလမ်းပိုင်းပေါ်ရှိ သက်ကော့ရွာထိပ်တွင် ရပ်စောင့်နေသည့် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်မှ ၆ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသည့် နေရပ်ပြန် စစ်ဘေးရှောင်တစ်ဦးကို ဖြတ်သန်းခွင့်မပြုဘဲ ပြန်လှည့်ခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ စစ်ဘေးရှောင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။
၎င်းအပြင် မြို့ပေါ်ရှိ ဟိုတယ်၊ တည်ခိုခန်း၊ တိုက်ခန်း နေရာများတွင်လည်း စစ်ကော်မရှင် အဖွဲ့သားများ ရှောင်တခင်ဝင်ရောက်စစ်ဆေးလေ့ရှိသည့်အပြင် နယ်ကျော်မှတ်ပုံတင် ကိုင်ဆောင်ထားသူ လူငယ်များကို ရှာဖွေဖမ်းဆီးမှု လုပ်ဆောင်လျှက်ရှိသည်။
ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက “အဓိကက မှတ်ပုံတင်ကြည့်တယ်။ မှတ်ပုံတင်က ၃ မျဉ်းစောင်းတို့ ၆ မျဉ်းစောင်းတို့ဆို တစ်ယောက်ကို နှစ်ထောင်၊ သုံးထောင် ယူတယ်။ လူကြီးတွေဆို သိပ်မစစ်ဘူး။ လူငယ်တွေဆို ဘယ်သွားမယ်၊ ဘာလုပ်တဲ့လူလဲ၊ အဲ့လိုတွေ ရစ်တာ”ဟု ၎င်းက ဆိုသည်။
အဆိုပါအခြေအနေကြောင့် မော်လမြိုင်-ရေး လမ်းပိုင်းအတွင်း ဖြတ်သန်းသွားလာနေသည့် ဒေသခံပြည်သူများ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှသာလျှင် မဖြစ်မနေသွားလာနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် နေရာတို့တွင် ရှမ်းပြည်နယ်မှတ်ပုံတင် ၁၃/ ကိုင်ဆောင်ထားသူများကို စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့သေးသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။
အမှတ်(၈) ပြည်ထောင်စုလမ်းကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်မှ ခရီးသွားလာသူ ပြည်သူများကို စစ်ဆေးကန့်သတ်နေသည့်အပြင် သံဖြူဇရပ်မြို့နယ် တောင်ပိုင်းနယ်စပ်အထိ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေသည့်အတွက် ပြည်သူများ စစ်ရေးသတိဖြင့် သွားလာခြင်းလုပ်ဆောင်ရန်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းထားသည်။