ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်သမားနိုင်ငံကူးလက်မှတ် (PJ Passport) စာအုပ်ကို အပြီးစီး လုပ်ဆောင်ထားသင့်ကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများက IMNA မှတစ်ဆင့်တိုက်တွန်းပြောဆိုသည်။
လက်ရှိတွင် ထိုင်းအစိုးရမှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) မှ အလုပ်သမားနိုင်ငံကူးလက်မှတ် (PJ Passport) စာအုပ်အဖြစ် ပြောင်းလဲရာတွင် (Thailand Only) ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။
မိမိနိုင်ငံမှ အလုပ်သမားနိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို အပြီးသတ် လုပ်ဆောင်ထားခြင်းဖြင့် ထိုင်းနိုင်ငံဘက်မှ တရားဝင်အလုပ်သမားအဖြစ် အသိအမှတ်ပြုပေးရန် ပိုမိုလွယ်ကူမည့်အပြင် နေထိုင်ခွင့်၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ခံစားခွင့်မျာကိုလည်း လွယ်လင့်တကူ ရယူနိုင်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံအတွင်း အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

“ထိုင်းကို ဝင်တော့မယ်ဆိုရင် မြန်မာနိုင်ငံထဲမှာပဲ PJ စာအုပ်ကို အရင်လုပ်လိုက်ရင်ပိုကောင်းတယ်။ ခုက (Visa Free)ရနေတော့ လုပ်လိုက်ပြီးရင် လာလို့လွယ်နေပြီး။ ပြီးမှ ထိုင်းမှာပဲ ဘတ်တွေတင်ပြီး ဗီဇာထုလိုက်ရင်ရတယ်။ ဒါဆိုသိပ်မခက်ဘူး။ မဟုတ်ဘူးဆိုင် ဒီရောက်မှ CI လုပ်ရင် နည်းနည်းခက်ခဲတယ်။ CIက ဘယ်အချိန်ခွင့်မလဲ မသိဘူး၊ ပြီးရင် CI နဲ့ ဘဏ်အကောင့်လဲ မပေးဖွင့်တော့ဘူး၊ ဆင်းကဒ်အစ ဝယ်လို့မရတော့။ သူတို့တင်းကြပ်ထားတယ်”ဟု ပြောသည်။
ထို့အပြင် ဖမ်းဆီးအရေးယူခံရမည့် အခြေအနေများလည်း လျော့နည်းသွားမည်ဖြစ်ပြီး ငွေကုန်ကြေးကျ ပိုမိုသက်သာနိုင်မည်ဟုလည်း ဆက်ပြောသည်။
ထိုင်းနိုင်ငံအတွင်း CI စာအုပ်မှ PJ စာအုပ်အဖြစ်ပြောင်းလဲလုပ်ဆောင်ရာတွင် မြန်မာအလုပ်သမားများအတွက် အခက်အခဲမဖြစ်စေသော်လည်း တတိယနိုင်ငံသို့ သွားရောက်အလုပ်လုပ်ခွင့်မရတော့သဖြင့် နစ်နာမှုရှိလာနိုင်ကြောင်း အထက်ပါ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူက ဆိုသည်။
“ထိုင်းမှာ CI ကနေ PJအဖြစ်ကို ပြောင်းမယ်ဆို “Thailand Only” ပဲရမယ်။ သဘောက အဲဒီ PJ စာအုပ်ကို ထိုင်းမှာပဲ သုံးလို့ရမယ်။ တခြားနိုင်ငံမှာ သုံးလို့မရတော့ဘူး။ ဒီမှာပဲ အလုပ်လုပ်သွားမယ်ဆိုရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် တတိယနိုင်ငံကို သွားလုပ်လို့မရတော့ဘူး” ဟု ပြောသည်။
ထိုကြောင့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ မသွားမီ PJ စာအုပ်ကို အပြီးသတ်လုပ်ဆောင်ပြီး တရာဝင်းအဖြစ်သာ သွားရောက်ရန်လည်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းထားသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူများနှင့် တရားမဝင်နေထိုင်နေသည့် မြန်မာအလုပ်သမားများကို ထိုင်းအာဏာပိုင်များမှ နေ့စဉ် ဖမ်းဆီးအရေးယူခံရမှုများရှိနေပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခံနေရသည်။
စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံ ပတ်စ်ပို့ထုတ်ပေးရေးရုံးမှ ရုံးလုပ်ငန်းစဉ်များ အချိန်ကြာမြင့်နေခြင်းနှင့် မလိုအပ်ဘဲ စစ်ဆေးခံနေရခြင်းကြောင့် မြန်မာအလုပ်သမားအများစုတို့ တရားမဝင်နယ်စပ်လမ်းမှတစ်ဆင့်သာ ဝင်ရောက်နေကြသည်။