မွန်ဒေသမှာ မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၏ စစ်ရေး ဖော်ဆောင်မှုမှာ ယခင်နှစ်တွေကထက် ယခုနှစ်မှာ ပိုမိုအားကောင်းလာသည်ဟု မွန်ဒေသ စစ်ရေးအကဲခတ်သူတစ်ဦးက ပြောသည်။
အခြားသော ဒေသများကဲ့သို့ တိုက်ပွဲဖော်ဆောင်မှု အားမကောင်းသေးသော်လည်း စစ်ပွဲဆိုင်ရာ အရင်းအမြစ်များ အင်အားအတိုင်းအတာတစ်ခုအထိ အားကောင်းလာကြောင်း၊ စစ်ကော်မရှင်တပ်မှ အင်အားရာထောင် အသုံးပြု၍ စစ်ရေးလှုပ်ရှားလာရကြောင်း ၎င်းက ပြောသည်။

၎င်းက “ကျနော်အမြင်ကတော့ လက်ရှိဖြစ်တည်နေမှုအခြေအနေ တော်လှန်ရေးအင်အား စစ်ရေးဖေါ်ဆောင်မှုတွေ အားလုံးကို ခြုံပြီး သုံးသပ်ရရင် မွန်ဒေသမှာ စစ်ရေးဖော်ဆောင်မှုက အားကောင်းလာပါတယ်။ ပြီးတဲ့နှစ်လကဆိုရင် မွန်ပြည်နယ်နဲ့ အခြားနီးစပ်ရာ ဒေသ ဥပမာ မွန် တနင်္သာရီ အစပ်တွေမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ တိုက်ပွဲကြီးငယ်အများကြီး ဖေါ်ဆောင်နိုင်ခဲ့တယ်။ အောင်မြင်မှုတွေလဲ ရခဲ့တာတွေ့ရတယ်။ ရန်သူက အင်အား ရာထောင်သုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ရတယ်။ မိုးတွင်းကာလမှာတောင် တိုက်ပွဲတွေ ဆက်တိုက်ဖေါ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် အခြားသော ဒေသတွေလောက် အားမကောင်းသေးတာ မှန်ပေမဲ့ စစ်ပွဲဆိုင်ရာအရင်းအမြစ် အင်အားတွေအရ အတိုင်းအတာတစ်ခုအထိတော့ အရင်ကထက် အားကောင်းလာတာကိုတော့ အသိအမှတ်ပြုရမယ်” ဟု ပြောသည်။
ဒါ့အပြင် မွန်လက်နက်ကိုင်တပ်ဖွဲ့များ စုစုစည်းစည်းဖြင့် ဆက်လုပ်သွားရန် စိမ်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ စစ်ရေးအောင်မြင်မှုရရှိပြီး ပြည်သူများ၏ ထောက်ပံ့မှု အပြည့်ရရှိရန် coming together အားလုံးပါဝင်သည့် မွန်မဟာမိတ်တပ်ပေါင်းစုကို လက်ခံဖေါ်ဆောင်ရမည်ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် မွန်လွတ်မြောက်ရေးတပ်တော်(MLF) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA)တို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ ပေါင်းစည်းလိုက်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ထို့အတူ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရန်လည်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မွန်ဒေသတွင် စစ်ရေးဖော်ဆောင်မှု ပိုမိုအားကောင်းလာရန် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေသေးကြောင်း၊ တဖက်မှာလည်း မွန်တော်လှန်ရေးတပ်ဖွဲ့များ စုစည်း၍ မွန်တပ်တော် တစ်ခုဖြစ်ရန် ဆက်ဆွေးနွေးရဦးမှာ ဖြစ်ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။
“ကျနော်တို့ မွန်ပြည်နယ်မှာ မွန်တပ်ဖွဲ့တွေ အများအပြား ရှိတာပေါ့နော်။ ကျနော်တို့ အခုလက်ရှိ မွန်ပြည်ဖက်ဒရယ်ကောင်စီထဲမှာဆိုရင် နိုင်ငံရေးအရ မွန်ပြည်နယ်တစ်ခုလုံးပေါ့ ယူနစ်တစ်ခုအနေနဲ့ လျာထားတာ ရှိတယ်ပေါ့။ ကောင်စီဖက်မှာလည်း ကြိုးပမ်းနေတယ်။ ကျနော်တို့က ဒီတော်လှန်ရေးမှာ အောင်မြင်ဖို့အတွက်က ပေါင်းစည်းမှုက အရမ်းအရေးကြီးတယ်။ ဒါကိုလည်း ကျနော်တို့က ပေါင်းစည်းနိုင်ဖို့အတွက်ကို ကြိုးစားနေတယ်။ အောက်ခြေမှာရှိတဲ့ တပ်တွေကလည်း ပေါင်းစည်းတော့ ပေါင်းစည်းနေတာပဲပေါ့နော်။ ဒီမဟာမိတ်အဖွဲ့အတွက်က ပေါင်းစည်းနေတယ်။ သို့သော် တစ်ခုရှိတာက မွန်တပ်တော် တစ်ခုဖြစ်ဖို့အရေးက ကျနော်တို့ ထပ်ပြီးတော့ ဆွေးနွေးရဦးမှာပေါ့ဗျာ” ဟု ပြောသည်။
မွန်ဒေသများတွင် စစ်ရေးဖော်ဆောင်မှု ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်မှုကဏ္ဍ၊ မွန်တပ်တော် ဖွဲ့စည်းနိုင်မည့် အခြေအနေများကို သိရှိနိုင်ရန် အခြားသော မွန်တော်လှန်ရေးတပ်ဖွဲ့များကို ဆက်သွယ် မေးမြန်းသော်လည်း လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် မွန်ဒေသရှိ သံဖြူဇရပ်၊ ရေးလမ်းပိုင်း၊ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်း၊ မွန် – တနင်္သာရီအစပ်တို့တွင် စစ်ကော်မရှင် နှင့် တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
မွန်ဒေသမှာ စစ်ရေးဖော်ဆောင်မှု အားကောင်းလာရန် မွန်ပြည်သူများ၏ တော်လှန်ရေးအပေါ် ယုံကြည်၍ ပူးပေါင်းလာမှုအပေါ် မူတည်ကြောင်း ထိုင်းနိုင်ငံ တက္ကသိုလ်တွင် ပညာသင်ကြားနေသော မွန်လူငယ်တစ်ဦးက ပြောသည်။
“ပထဝီမြေအနေအထားရယ် မွန်ဒေသခံပြည်သူတွေရဲ့ ideology တွေကြောင့်လို့မြင်ပါတယ်။ ပထဝီမြေအနေအထားအရ မဟာမိတ်အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အများကြီးလိုအပ်တယ်။ ပြီးတော့ မွန်ပြည်သူတွေရဲ့ ဒီတော်လှန်ရေးအပေါ်ဘယ်လောက်ယုံကြည်မှုရှိလဲ ဘယ်လောက်ပူးပေါင်းသလဲ ဆိုတဲ့အပေါ်လည်း မူတည်မယ်ထင်တယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်ဖက်က အင်အားအလုံးအရင်းဖြင့် တောင်ပိုင်းဒေသသို့ ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။