ပြည်သူများမိမိတို့၏ စစ်မှန်သောဒီမိုကရေစီဆန္ဒကို ဖော်ပြသည့်အနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းစွာ မဲမပေးဘဲ သပိတ်မှောက်ခြင်းဖြင့် အင်အားအပြည့် တုန့်ပြန်ကြရန် ကြယ်လင်းရောင်(ဆာကပေါတပ်ရင်း) KTLA မှ တိုက်တွန်းထုတ်ပြန်ထားသည်။
မဲမပေးခြင်းသည် စစ်ကော်မရှင်ကို မထောက်ခံခြင်းသဘော သက်ရောက်သည့်အတွက် မဖြစ်မနေပါဝင်ရမည့် အခြေအနေတွင်လည်း ပညာသားပါပါ ရှောင်းရှာကြရန်၊ လုံခြုံရေးကိုသာ အဓိကထားရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ပြည်သူလူထု၏ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဟု ကြယ်လင်းရောင်(ဆာကပေါ) တပ်ရင်း KTLA မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုချမ်းက ပြောသည်။

“ ကျနော်တို့ တော်လှန်ရေးသမားတွေက ပြည်သူတွေကို လုံးဝမဲမပေးဖို့ တထစ်ချဖိအားပေးနေတာ မဟုတ်ပါဘူး။ အရေးကြီးတာက မဲမပေးတာဟာ စစ်အာဏာရှင်ကို မထောက်ခံဘူးလို့ ပြသတာဖြစ်တဲ့အတွက်၊ ဒီရွေးကောက်ပွဲမှာ ပါဝင်မယ့် အခြေအနေဟာ လုံခြုံမှုမရှိဘူးဆိုရင်တောင် ပညာသားပါပါ ရှောင်ရှားပါလို့ အကြံပေးချင်ပါတယ်။ လုံခြုံရေး အခြေအနေကို ပိုပြီးထိန်းသိမ်းဖို့နဲ့ ပြည်သူ့အသက်အန္တရာယ်ကို ထိခိုက်မှုမရှိစေဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဟာ အတတ်နိုင်ဆုံး ကြိုးပမ်းနေပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲပြုလုပ်ပြီး နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းပဋိပက္ခလည်း ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ကော်မရှင်က နိုင်ငံရေးအရ အောင်ပွဲခံရန် ကြိုးစားနေသည်ကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများက လက်ခံမည်မဟုတ်သည့်အပြင် လက်နက်ကိုင်ပဋိပက္ခ အရှိန်မြှင့်တင်ခြင်းကို ဦးတည်စေပြီး တော်လှန်ရေးခရီးလည်း ပို၍ကြမ်းတမ်းလာနိုင်သည်။
ထို့ကြောင့် ကြယ်လင်းရောင် ကော်သူးလေတပ်တော် (KTLA)အနေဖြင့် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲကို စစ်ရေးနှင့်နိုင်ငံရေးအရ ပေါင်းစပ်ပြီး ဘက်စုံဆန့်ကျင်သွားမည်အပြင် နိုင်ငံတကာကိုပါ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ထိထိရောက်ရောက် စည်းရုံးသွားမည် ဖြစ်သည်ဟု ရဲဘော်ကိုချမ်းက ဆက်ပြောသည်။
“ စစ်ရေးနဲ့ နိုင်ငံရေးကို ပေါင်းစပ်ပြီး ဘက်ပေါင်းစုံကနေ တန်ပြန်ဆန့်ကျင် သွားပါမယ်။ စစ်ရေးအရ ရွေးကောက်ပွဲ ကျင်းပမယ့် မဲရုံတွေ၊ လုံခြုံရေးယူမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိရောက်တဲ့ တိုက်ခိုက်မှုတွေ လုပ်သွားပါမယ်။ စစ်ရေးအရှိန်မြှင့်တင်ပြီး သူတို့ရဲ့ လုံခြုံရေးစနစ်ကို ဖျက်ဆီးပစ်ပါမယ်။ နိုင်ငံရေးအရကတော့ ကျနော်တို့ ဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့၊ မဲမပေးဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ နိုင်ငံတကာကိုပါ ထိထိရောက်ရောက် စည်းရုံးသွားမယ်” ဟု ပြောသည်။
စစ်ကော်မရှင်က နိုင်ငံရေးတွင် အကြပ်အတည်းဖြစ်ခြင်း၊ စစ်ရေးတွင်လည်း အထိနာနေခြင်းကို ယခုကဲ့သို့ ၎င်း၏အတုအယောင်လုပ်ရပ်များက သက်သေပြနေခြင်းကြောင့် တော်လှန်ရေးအောင်ပွဲလမ်းကြောင်းပေါ်တွင် မည်သည့်အခက်အခဲမျိုးမဆို ရင်ဆိုင်ပြီး စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်သည့်အထိ ဆက်လက်ချီတက်သွားမည်ဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှ ရွေးကောက်ပွဲအတွက် အပြင်းအထန်ပြင်ဆင်နေစဉ် အွန်လိုင်းမှတစ်ဆင့် လှုံ့ဆော်ပြီး ရွေးကောက်ပွဲထိခိုက်ရန် လုပ်ဆောင်နေသူများကို အရေးယူမည်ဟုလည်း ပြောဆိုထားသည်။
နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးအင်အားစုများသည် စစ်ကော်မရှင်ပြုလုပ်မည့်ရွေးကောက်ပွဲကို လုံးဝတရားမဝင်သည့် အတုအယောင်ရွေးကောက်ပွဲအဖြစ်သာ သဘောထားပြီး ပြည်သူလူထုတို့၏ဆန္ဒကို လုံးဝကိုယ်စားမပြုကြောင်းနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပြည်သူများထံ နေ့စဉ်ဆော်သြတိုက်တွန်းလျှက်ရှိသည်။
