spot_img
Wednesday, September 24, 2025
More
    spot_img
    Homeသတင်းအွန်လိုင်းအလုပ်ခေါ်ပွဲစားများထံ ၃ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သမား ၄၀၀၀ နီးပါး ငွေကြေးလိမ်လည်ခံရ

    အွန်လိုင်းအလုပ်ခေါ်ပွဲစားများထံ ၃ လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သမား ၄၀၀၀ နီးပါး ငွေကြေးလိမ်လည်ခံရ

    -

    အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင်ချိတ်ဆက်ပေးနေသည့်ပွဲစားများ ငွေကြေးလိမ်လည်မှု ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ၃ လတာအတွင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ နီးပါး ငွေကြေးလိမ်လည်ခံခဲ့ရကြောင်း အလုပ်သမားမဟာမိတ်အဖွဲ့(WAG) မှ  အချက်အလက်များအရ သိရသည်။

    ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းဖြင့် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ များလာသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံအတွင်းရှိ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေသည် တစ်နေ့ထက်တစ်နေ့ ရှားပါးလာနေပြီး အွန်လိုင်းမှအလုပ်ခေါ်ပွဲစားများထံ ငွေကြေးလိမ်လည်ခံရမှု မြင့်တက်လာနေသည်။

    ယခု ၂၀၂၅ ခုနှစ် ဇွန်လမှဩဂုတ်လအထိ တစ်ဦးလျှင် အနည်းဆုံးဘတ်ငွေ ၁၅၀၀ နှုန်းဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀၀ နီပါး ငွေကြေးလိမ်လည်ခံထားရကြောင်း အလုပ်သမားမဟာမိတ်အဖွဲ့(WAG)မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ဆိုသည်။

    ပုံ- WAG မှ မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်နေစဥ်

    “ထိုင်းကို ခိုးလမ်းကနေလာတဲ့သူတွေ အရမ်းများလာတယ်။ ဒီလိုများနေတဲ့အခြေနေမှာ ထိုင်းနိုင်ငံရဲ့ အလုပ်တွေကလည်း အရမ်းကိုရှားပါးတယ်။ ရှားပါးတဲ့အတွက် လူတွေက အလုပ်ကို အရမ်းလိုချင်နေကြတယ်။ သေချာလည်းမစစ်ဘူး။ ပွဲစားတွေပြောတဲ့ဟာကို ယုံကြတယ်။ အဲလိုမျိုးနဲ့အလုပ်လျှောက်တော့ လိမ်ခံထိတယ်"ဟု သူကပြောသည်။

    ထိုင်းနိုင်ငံမှ နေရပ်ပြန်သွားသည့် ကမ္ဘောဒီးယားလုပ်သားများအစား မြန်မာလုပ်သားများကို အစားထိုးခေါ်ယူမည်ဟု ထိုင်းအစိုးရမှပြောကြားလာခြင်းကြောင့်လည်း အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သည့် အလုပ်ခေါ်ပွဲစားများအတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်လာကြောင်းလည်း ဆိုသည်။

    ငွေကြေးလိမ်လည်ခံရသူများသည် အွန်လိုင်းမှ ပွဲစားခငွေလွှဲပေးချေခိုင်းပြီးနောက် အဆက်သွယ်ဖြတ်ခံရခြင်း၊ အလုပ်ရုံဆင်းမည်ဟုဆိုပြီး အလုပ်သမားများကို ကားနှင့်တင်ဆောင်ကာ လမ်းတစ်နေရာတွင် ချထားခြင်းနှင့် သဘောတူညီထားသည့် အလုပ်အကိုင်တွင် လုပ်ဆောင်ခွင့်မရဘဲ အခြားအလုပ်ကြမ်းနေရာများတွင် လုပ်ဆောင်နေသည့်ပုံစံဖြင့်လည်း လိမ်လည်ခံနေရသည်။

    ထို့ကြောင့် ပွဲစားများနှင့်အလုပ်လျှောက်ခြင်း၊ဘတ်ရိုက်ခြင်း၊ပတ်စ်ပို့ကိစ္စများ ပြုလုပ်မည်ဆိုပါက ပွဲစားအမည်နှင့်ပေးပို့လာသည့် ဘဏ်အကောင့်နာမည်ဖြင့်သာ ငွေပေးချေကြရန် လိုအပ်ကြောင်း၊ တတ်နိုင်ပါက မိမိကိုယ်တိုင် လုပ်သမားရေးရာရုံးသို့ ကိုယ်တိုင်လျှောက်ထားစေလိုကြောင်း သတိပေးပြောဆိုသည်။

    “မြန်မာပြည်သားတွေ ပွဲစားတွေရဲ့ passport နံပါတ်ယူပါ၊ ဘဏ်အကောင့်နံပါတ်ရအောင်ယူပါ။ ဒါတွေရှိမှ ငွေလိမ်လည်မှုနဲ့ အမှုဖွင့်တရားစွဲလို့ရမယ်။ ဒါတွေကိုလည်း ရက်ပေါင်း ၆၀ ကိုကျော်သွားလို့မရဘူး။ ကျော်သွားရင် ဥပဒေသက်ရောက်မှု မရှိတော့ဘူး။” ဟု ကိုမုန်တိုင်းက ဆိုသည်။

    အဆိုပါ အွန်လိုင်းအလုပ်ခေါ်ပွဲစားများသည် ထိုင်းတာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေသဖြင့် တရားခံအစစ်ရှာဖွေဖော်ထုတ်နိုင်ရန် ခက်ခဲနေကြောင်းနှင့် ဆုံးရှုံးသွားသည့် ငွေကြေးများကိုလည်း ပြန်လည်မရရှိနေကြောင်း သိရသည်။

    သက်ဆိုင်ရာလုပ်ငန်းမှ ထုတ်ပြန်ထားသည့် အလုပ်ခေါ်စာများကို အသုံးပြုပြီး Tik tok မှတစ်ဆင့် အလုပ်သမားခေါ်ယူနေကြောင်း live လွှင့်၍လည်းကောင်း၊ facebook group မှတစ်ဆင့် ဆက်သွယ်ရမည့်လိပ်စာတို့ကိုဖြန့်ဝေ၍လည်းကောင်း အွန်လိုင်းအလုပ်ခေါ်ပွဲစားများက ငွေကြေးလိမ်လည်မှု လုပ်ဆောင်နေခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,100SubscribersSubscribe
    spot_img

    Latest posts